News

POST TYPE

NEWS

ပျဉ်းမနားတွင် ရဲအယောင်ဆောင်ပြီး ပိုက်ဆံနှင့်ရွှေထည်များ လုပြေး
18-Nov-2018

တောင်ငူ၊ နိုဝင်ဘာ ၁၈

နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့ ကြံပတ်လမ်းတွင် ယနေ့(နိုဝင်ဘာ ၁၈ ရက်) မွန်းတည့် ၁၂ နာရီခန့်က ရဲအယောင်ဆောင်ထားသူနှစ်ဦးက ဆိုင်ကယ်စီးလာသူကိုရပ်ခိုင်းကာ ငွေနှင့်ရွှေထည်များ လုယူထွက်ပြေးသွားကြောင်း ပျဉ်းမနားရဲစခန်းထံမှ သိရှိရသည်။

ပျဉ်းမနားမြို့ ရန်အောင် ၁ ရပ်နေ ဦးတင်မြင့် (၅၈ နှစ်ခန့်) သည် ဆိုင်ကယ်ဖြင့် ကျော်ညီနောင်ရပ် ကြံပတ်လမ်းအတိုင်း ဆိုင်ကယ်မောင်းလာစဉ် လေသာကျောင်းအနီးအရောက် လူနှစ်ဦးက ရဲအယောင်ဆောင်ပြီး ဆိုင်ကယ်ကိုတားကာ ငွေလေးသောင်းခန့်နှင့် ၁၃၆၀၀၀ ခန့်တန်ဖိုးရှိ လေးထောင့်ပုံ ပန်းရွှေကလစ်တစ်ခုကို ယူကာထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့က သတင်းအရ ပိတ်ဆို့ရှာဖွေရာ အခင်းဖြစ်ပြီးနာရီပိုင်းအကြာတွင် ပျဉ်းမနားမြို့ တောင်သာအုပ်စု မင်းဒင်ရပ် ပြည်ပန်းညိုအရက်ဆိုင်၌ ပြစ်မှုကျူးလွန်သူများဖြစ်သည်ဆိုသော ကိုထွန်း (ခ) ဇော်ထွန်းလင်း (၃၃ နှစ်) နှင့် ကိုထွန်း (၂၈ နှစ်) တို့ကို သက်သေခံပစ္စည်းများနှင့် ဖမ်းမိခဲ့ကြောင်း ပျဉ်းမနားရဲစခန်းထံမှ သိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး လုယက်မှုကျူးလွန်သည်ဆိုသော ၎င်းတို့နှစ်ဦးကို ပျဉ်းမနားရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

R-15