News

POST TYPE

NEWS

ဗုံးတွေ့ပြီးနောက် တောင်ကြီး၌ လုံခြုံရေးတိုးမြှင့်
18-Nov-2018

ကျိုင်းတုံ၊ နိုဝင်ဘာ ၁၇

ပွဲတော်ကျင်းပဆဲကာလအတွင်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ မြို့မဈေးကြီးရှေ့တွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီးနောက် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ လုံခြုံရေးတိုးမြှင့်ချထားကြောင်း ယင်းပွဲတော်ကျင်းပရေး ကော်မတီဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

သို့သော် လုံခြုံရေးအင်အားကိုမူ အတိအကျ သိရှိခြင်းမရှိသေးဘဲ တန်ဆောင်တိုင်ပွဲတော်ကို ဆက်လက်ကျင်းပလျက်ရှိရာ စည်ကားလျက်ရှိနေကြောင်း ၎င်းက ဆိုသည်။

“ဈေးရှေ့မှာတွေ့ရှိတဲ့ ဗုံးကိုတော့ စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့တယ်၊ ကျန်တဲ့နေရာမှာတွေ့ရှိတဲ့ အရာတွေက ဗုံးတွေမဟုတ်ပါဘူး၊ တန်ဆောင်တိုင်ပွဲတော်ကို အရင်ရက်တွေထက် လုံခြုံရေးတိုးမြှင့်ချထားပေမယ့် အင်အားနဲ့အစီအမံတော့ အသေးစိတ်မသိဘူး၊ ပွဲတော်မှာတော့ အရင်နေ့လိုပဲ ပရိသတ်က ကွင်းအပြည့်လာကြပါတယ်” ဟု ၎င်းက ပြောဆိုသည်။

တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ ပြိုင်ပွဲကျင်းပနေသည့် တောင်ကြီးမြို့ မြို့မဈေးရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ဗုံးထည့်သွင်းထားသည့် လက်ဆွဲသေတ္တာတစ်လုံး တွေ့ရှိခဲ့၍ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး မြို့မဈေး မြောက်ဘက်ဝင်ပေါက်အနီး သံပန်းတံခါးနှင့် အမှိုက်ပုံတို့အပါအဝင် မြို့မဈေးအနီး City Square ဒုတိယထပ် အိမ်သာအနီးတွင် မသင်္ကာဖွယ်အထုပ်များထပ်မံတွေ့ရှိခဲ့၍ စစ်ဆေးကြည့်ရာ ဗုံးများမဟုတ်ဘဲ အမှိုက်များနှင့် စက်ပစ္စည်းအဟောင်းများသာ တွေ့ရှိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့ဗုံးတွေ့ရှိခဲ့သည့်အတွက် မီးပုံးပျံပွဲကျင်းပရာ အဝေရာကွင်းကို ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ဗုံးဟု သံသယဖြစ်ဖွယ် တစ်စုံတစ်ရာတွေ့ရှိခဲ့ခြင်း မရှိကြောင်း မီးပုံးပျံပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်သည်။

ထိုသို့ဗုံးတွေ့ရှိခဲ့သည့်အတွက် တောင်ကြီးဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ကြသော်လည်း ပွဲတော်ကို လည်ပတ်မြဲအတိုင်းလည်ပတ်မည်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ကမ္ဘာလှည့်ခရီးသွားများအပါ အဝင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ခရီးသွား များ လာရောက်လည်ပတ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပ နေပြီး ညမီးကြီး ၈၁ လုံး၊ စိန်နားပန် ၄၂ လုံး၊ ခြေနှစ်ချောင်းအရုပ် ၁၅၉ လုံး၊ ခြေ လေးချောင်းအရုပ် ၉၀ လုံး၊ အုပ်စု ၄၂ စု ဖြစ်ပြီး စုစုပေါင်းမီးပုံးပျံ ၄၁၄ လုံး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

R-16