News

POST TYPE

NEWS

လေးလအတွင်း အောက်တိန်းဆီဈေး အနိမ့်ဆုံးရောက်
16-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၁၅

အောက်တိန်း စက်သုံးဆီဈေးနှုန်းများသည် ဩဂုတ်လမှ နိုဝင်ဘာလအထိ လေးလအတွင်း အနိမ့်ဆုံးဈေးအဖြစ်သို့ ရောက်ရှိကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် အောက်တိန်း ၉၂ ဈေးနှုန်းများသည်လည်း သုံးလအတွင်း တစ်လီတာလျှင် ကျပ် ၁၀၀၀ အောက်သို့ ပထမဆုံးအကြိမ်အဖြစ် ကျဆင်းပြီး ယခုလပိုင်းအတွင်း အောက်တိန်း ၉၂ နှင့် ၉၅ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းသော်လည်း ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်ဈေးနှုန်းများမှာမူ ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးတွင်သာ ငြိမ်သက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

အောက်တိန်း ၉၂ နှင့် ၉၅ ဈေးနှုန်းများသည် ပြည်ပဈေးနှုန်းများ ဆက်တိုက်ကျဆင်းခြင်းကြောင့် လိုက်ပါကျဆင်းခြင်းဖြစ်ပြီး ပြည်ပဒီဇယ်ဈေးနှုန်းများမှာလည်း ကျဆင်းသော်လည်း ပြည်တွင်းဈေးနှုန်းမှာ လိုက်ပါကျဆင်းမှုနည်းပါးလျက် ရှိသည်။

ပြည်ပစက်သုံးဆီဈေးနှုန်းများသည် အောက်တိုဘာလ ဒုတိယပတ်အတွင်းက အမြင့်ဆုံးအဖြစ် မြင့်တက်ခဲ့ပြီး ယင်းကာလ နောက်ပိုင်း တောက်လျှောက်ပြန်လည်ကျဆင်းလာခဲ့ကြောင်း၊ ယခုအခါ ယင်းကာလကထက် ပြည်ပဈေး အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၄၊ အောက်တိန်း ၉၅ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၈၊ ဒီဇယ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၇ နှင့် အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၈ ခန့်ကျဆင်းကြောင်း၊ ယင်းကာလ အတွင်း ပြည်တွင်းဈေးမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၁၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၀၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၃၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၂၅ ကျပ် ကျဆင်းကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

ထိုကိန်းဂဏန်းများအရ အောက်တိန်းဆီဈေးနှုန်း အကျများသော်လည်း ဒီဇယ်ဈေးနှုန်းများမှာ အကျနည်းလျက်ရှိသည်။

“ကမ္ဘာ့ဈေးကျလို့ လိုက်ကျတာ။ ဒေါ်လာဈေးကျရင် ဒီထက်တောင် အများကြီးကျဦးမယ်။ အခုအနေအထားအရ ထပ်ကျနိုင်တယ်။ ဒီဇယ်ကတော့ ကမ္ဘာ့ဈေးသိပ်မကျလို့ မကျတာပါ” ဟု မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပြောဆိုသည်။

လက်ရှိစက်သုံးဆီဈေးကွက်အတွင်း ဒီဇယ်တစ်လီတာလျှင် ၁၀၇၀ ကျပ်၊ အဆင့် မြင့်ဒီဇယ် တစ်လီတာလျှင် ၁၀၇၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၉၅၅ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာ လျှင် ၁၀၁၀ ကျပ်ဈေးရှိပြီး ပြည်ပဈေးမှာ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၇၄ ကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၆ ကျော်၊ ဒီဇယ် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၈၉ ကျော်နှင့် အဆင့်မြင့် ဒီဇယ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၉ ကျော်ဈေးရှိကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

S-04