News

POST TYPE

NEWS

ဘရိတ်ဇစ် သဘောတူညှိနှိုင်းချက်မူကြမ်းကို ဗြိတိန်အစိုးရထောက်ခံ
16-Nov-2018

လန်ဒန်၊ နိုဝင်ဘာ ၁၅

ဗြိတိန်နှင့်အီးယူအကြား နုတ်ထွက်မှုဆိုင်ရာ သဘောတူညှိနှိုင်းချက်မူကြမ်းကို ဗြိတိန်အစိုးရက ထောက်ခံသည်ဟု ဝန်ကြီးချုပ် ထရီဇာမေက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ငါးနာရီကြာအစိုးရအဖွဲ့အစည်း အဝေးတွင် အားကြိုးမာန်တက်အသေးစိတ် ဆွေးနွေးငြင်းခုံခဲ့ကြပြီးနောက် သဘောတူထောက်ခံခဲ့ကြခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်မေက ပြောကြားသည်။

ယခုကဲ့သို့ထောက်ခံလိုက်မှုသည် ဘရိတ်ဇစ်လုပ်ငန်းစဉ်တွင် အဆုံးအဖြတ်ပေးသောအဆင့်တစ်ခုဖြစ်ပြီး သဘောတူညီချက်ကို အပြီးသတ်နိုင်ခွင့်ရရှိသွားမည်ဟု သူမက မှတ်ချက်ပေးသည်။

အဆိုပါသဘောတူညီမှုသည် နှစ်ဖက်စလုံး၏အကျိုးစီးပွားများဖြစ်သည်ဟု အီးယူညှိနှိုင်းရေးတာဝန်ခံက ပြောကြားသည်။

သို့ရာတွင် ဘရိတ်ဇစ်ခွဲထွက်ရေး သမားဂျက်ကော့ ရီးစမော့ကမူ သုံးမရသောသဘောတူညီချက်ဖြစ်သည်ဟု ရှုတ်ချလိုက်သည်။

ဝန်ကြီးချုပ်မေကမူ ထိုသဘော တူညီချက်သည် အီးယူတာဝန်ရှိသူများနှင့် နာရီပေါင်းထောင်ချီကာ ခက်ခက်ခဲခဲညှိနှိုင်း ခဲ့မှုများ၏ရလဒ်တစ်ဖြစ်သည်ဟု မှတ်ချက်ပေးသည်။

“ဆန္ဒခံယူပွဲရဲ့ အကျိုးဆက်အဖြစ် ထွက်ပေါ်လာတဲ့ ဒီသဘောတူညီချက်ဟာ ကျွန်မတို့ရဲ့ပိုက်ဆံတွေ၊ ဥပဒေနဲ့နယ်စည်းတွေကို ပြန်လည်ဆောင်ယူပေးပြီးလွတ်လပ်စွာ ရွှေ့ပြောင်းမှုတွေကိုအဆုံးသတ်ကာ အလုပ်အကိုင်၊ လုံခြုံမှုနဲ့ပြည်ထောင်စုကို အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။ သဘောတူညီချက်မရဘဲ ထွက်မယ်ဆိုရင် ဘရီးဆစ်ဆိုတာလည်း ရှိမှာမဟုတ်တော့ပါဘူး”ဟု ထရီဇာမေက ပြောကြားသည်။

စာမျက်နှာ ၅၈၅ မျက်နှာပါဝင်သော နုတ်ထွက်မှု သဘောတူညီချက်မူကြမ်းကို အများဖတ်ရှုနိုင်ရန် ထုတ်ပြန်ပေးလိုက်ပြီ်ဟု သိရှိရသည်။

နုတ်ထွက်မှုသဘောတူညီချက်သည် ကွာရှင်းပြတ်စဲခြင်း ကိစ္စရပ်များကို ဖော်ပြထားခြင်းဖြစ်ပြီး ယူကေအတွင်းရှိ အီးယူနိုင်ငံသားများနှင့် အီးယူအတွင်းရှိယူကေ နိုင်ငံသားများ ဆက်လက်နေထိုင်၊ လုပ်ကိုင်၊ ပညာသင်ယူနိုင်စေရန် အကာအကွယ်ပေးမည့်အစီအစဉ်များ ပါဝင်သည်။

၂၀၁၉ မတ်လတွင်အီးယူမှ ယူကေ နုတ်ထွက်ပြီးနောက်၂၁ လ အသွင်ကူး ပြောင်းမှုကာလ သတ်မှတ်ထားပြီး ယူကေက နုတ်ထွက်ကြေးအဖြစ် သတ်မှတ်သည့် ပမာဏမှာ ပေါင်စတာလင် ၃၅ ဘီလီယံ နှင့် ၃၉ ဘီလီယံအကြား ရှိမည်ဟုဆိုသည်။

ညှိနှိုင်းမှုတွင် ငြင်းခုံမှုအများဆုံးအပိုင်းမှာ အိုင်ယာလန်နယ်ခြားတွင် အကောက်ခွန်စစ်ဆေးမှုအစီအစဉ်ပြန်လည် မကျင့်သုံးရေးကို အာမခံရန်ကိစ္စဖြစ်သည်။ အကယ်၍ ၂၀၂၀ ဇူလိုင်လအထိ မဖြစ်နိုင်သေးလျှင် အသွင်ကူးပြောင်းမှုကာလကို သက်တမ်းတိုးမည်ဟု အီးယူညှိနှိုင်းရေးမှူး မိုက်ကယ်ဘာနီယာက ပြောကြားသည်။

F-04