News

POST TYPE

NEWS

တောင်ကြီး တန်ဆောင်တိုင်ဖွင့်ပွဲ မီးပုံးပျံတစ်လုံး ပြတ်ကျ၊ နှစ်ဦး ထိခိုက်ဒဏ်ရာရ
15-Nov-2018


ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အဝေရာ ကုန်းသာယာတွင် နိုဝင်ဘာလ ၁၄ ရက်နေ့က မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ညမီးကြီး အမျိုးအစားဖြစ်သော “ဓါတ်ခဲ A” မီးပုံးပျံတစ်လုံးမှာ ပြတ်ကျခဲ့သောကြောင့် လူငယ်အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

“ပြတ်ကျရတဲ့ အကြောင်းအရင်းက မီးပုံးပျံမှာ ချယ်ထားတဲ့ ပန်းချီဆေး များသွားသလား။ နောက်တစ်ခုက ဓာတုပစ္စည်းသုံးတဲ့အတွက် စက္ကူနာလို့ လောင်တာလားဆိုတာကို သဲသဲကွဲကွဲတော့ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရသူနှစ်ယောက်ရဲ့ အခြေအနေက မစိုးရိမ်ရပါဘူး။ အရေပြား ထိခိုက်သွားတဲ့အတွက် ဆေးကုသမူတော့ ခံယူနေပါတယ်”ဟု တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီမှ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောသည်။

ပြိုင်ပွဲဝင် ညမီးကြီး “ဓာတ်ခဲ”မီးပုံးပျံသည် နှစ် ၂၀ ကျော် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခုနှစ်တွင် ဓာတ်ခဲ A နှင့် ဓာတ်ခဲ B ဟူ၍ ညမီးကြီး မီးပုံးပျံနှစ်လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆယ်ရက်ကြာကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဝင်မည့်မီးပုံးပျံများမှာ ညမီးကြီး ၈၁ လုံး၊ စိန်နားပန် ၄၂ လုံး၊ ခြေနှစ်ချောင်းအရုပ် ၁၅၉ လုံး၊ ခြေလေးချောင်း အရုပ် ၉၀ လုံးနှင့် အုပ်စု ၄၂ စု ဖြစ်ပြီး စုစုပေါင်း မီးပုံးပျံ ၄၁၄ လုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

S-03