News

POST TYPE

NEWS

အီသီယိုးပီးယားတွင် ထိပ်ပိုင်းအဆင့် လုံခြုံရေးတာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်း
15-Nov-2018


အဒစ်အဘာဘာ နိုဝင်ဘာ ၁၄

အီသီယိုးပီးယားတွင် ဝန်ကြီးချုပ် အက်ဘီအာမက်က ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို အကောင်အထည်ဖော်နေမှုကြောင့် အာဏာအလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုတွင် ကျော်စောသတင်းထွက်နေသူများကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်အသစ်ကို လုပ်ကြံရန် ထောက်လှမ်းရေးအကြီးအကဲများက ကြိုးစားခဲ့ကြသည်ဟုလည်း ရှေ့နေချုပ်ကစွပ်စွဲ ပြောဆိုလိုက်သည်။

အီသီယိုးပီးယားထောက်လှမ်းရေး အကြီးအကဲများ၊ စစ်ဘက်အရာရှိကြီးများနှင့် အပေါင်းအပါ စီးပွားရေးသမားများကို အဂတိလိုက်စားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရှေ့နေချုပ်က တနင်္လာနေ့တွင် ပြောကြားသည်။

ဧပြီလတွင် အာဏာရရှိလာပြီးနောက် နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးလုပ်ဆောင်နေသူ ဝန်ကြီးချုပ် အက်ဘီအာမက်၏ ညွှန်ကြားမှုဖြင့် ငါးလကြာစုံစမ်းစစ်ဆေးခဲ့ပြီးနောက် ကျော်စောသတင်း ထွက်သူများကို ဖမ်းဆီးခဲ့သည်။

လုံခြုံရေးကဏ္ဍတာဝန်ရှိသူ ၃၆ ဦးကို အာဏာအလွဲသုံးစားမှုဖြင့်လည်းကောင်း၊ တပ်မတော်ပိုင် သတ္တုနှင့် အင်ဂျင်နီယာ ဦးပိုင်ကော်ပိုရေးရှင်း METEC မှ အရာရှိ ၃၀ ကို အဂတိလိုက်စားမှုဖြင့်လည်းကောင်း ဝရမ်းထုတ်ဖမ်းဆီးခဲ့သည်ဟု ရှေ့နေချုပ် ဘာဟနူဆီဂါယီက ပြောကြားသည်။

ထောက်လှမ်းရေးအရာရှိများသည် အကျဉ်းထောင်များတွင် ရိုက်နှက်ခြင်း၊ အဓမ္မဝန်ခံခိုင်းခြင်း၊ ဓမ္မတာမဟုတ်သော လိင်မှုဆက်ဆံခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လျှပ်စစ်ရှော့ခ်တိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ အပါအဝင် အလွဲသုံးစားမှုများ ကျူးလွန်ခဲ့ကြသည်ဟုဆိုသည်။

မီတက် METEC ဦးပိုင်ကော်ပို ရေးရှင်းမှ စစ်ဘက်အရာရှိများသည်လည်း ဒေါ်လာနှစ်ဘီလီယံဖိုး ရှိသောပစ္စည်းဝယ်ယူမှုကိစ္စများတွင် တင်ဒါမခေါ်ဘဲ အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့ကြသည်ဟု ရှေ့နေချုပ်က ပြောကြားသည်။

ထို့ပြင် ဇွန်လအတွင်းက လူထုစည်းဝေးပွဲတစ်ခုတွင် ဝန်ကြီးချုပ် အက်ဘီအာမက် ထွက်ခွာသွားပြီး တစ်ခဏအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ထိပ်ပိုင်းအဆင့် လုံခြုံရေးအရာရှိကြီးများပါဝင် ပတ်သက်နေသည်ဟု ရှေ့နေချုပ်က ပြောကြားသည်။

အဆိုပါဗုံးခွဲတိုက်မှုနှင့်ပတ်သက်၍ အိုရိုမိုလွတ်မြောက်ရေးတပ်ဦးမှ အဖွဲ့ဝင်ငါးဦးကို စက်တင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့သည်။

“အမျိုးသားထောက်လှမ်းရေးဌာန အကြီးတန်းခေါင်းဆောင်တွေက အဲဒီဗုံးခွဲ တိုက်ခိုက်မှုကို လုပ်ဆောင်ဖို့ အိုရိုမိုအဖွဲ့ဝင်တွေကို ညွှန်ကြားခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရရှိထားပါတယ်”ဟု ရှေ့နေချုပ် ဘာဟနုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဂီတာချူးအက်စဖာကို ကိုယ်တိုင်လာရောက်အဖမ်းခံရန် ရှေ့နေချုပ်ကတိုက်တွန်းလိုက်သည်။ တရားခံများသည် အီသီယိုးပီးယားမှ ထွက်ပြေးနေကြပြီး အချို့မှာလည်း ပုန်းအောင်းနေကြသည်ဟုသိရသည်။

F-04