News

POST TYPE

NEWS

အီဂျစ်ကြားဝင် အကျိုးဆောင်ပေး၍ ဂါဇာဒေသတွင် အစ္စရေးနှင့်ပါလက်စတိုင်းတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရ
15-Nov-2018


ကိုင်ရို-ဂါဇာ၊ နိုဝင်ဘာ ၁၅

ဂါဇာကမ်းမြောင်ဒေသမှ လက်နက်ကိုင်အုပ်စုများက အီဂျစ်ကြားဝင်အကျိုးဆောင်ပေးခြင်းကြောင့် ထွက်ပေါ်လာသည့် အစ္စရေးတို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံသဘော တူညီသည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။ 

လတ်တလော နှစ်ကာလများအတွင်း အစ္စရေးနှင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုများအကြား အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာပြီးနောက် အီဂျစ်နိုင်ငံက ကြားဝင်ဖျန်ဖြေရေးသမားနေရာယူကာ အကောင်အထည်ဖော်ပေးလိုက်သည့် အပစ်အခတ်နှင့် တိုက်ခိုက်မှုများရပ်စဲရေး သဘောတူညီချက်ကို ပါလက်စတိုင်းတို့ သဘောတူညီလိုက်ခြင်းဖြစ်သည်။

ဟားမတ်စ် ဦးဆောင်သော လက်နက်ကိုင်အုပ်စုများက စစ်ရေးလှုပ်ရှားမှုများ အဆမတန် မြင့်တက်စေခဲ့သော တိုက်ခိုက်မှုများ အဆုံးသတ်စေမည့် အခြေအနေကို ပြန်လည်စတင်နိုင်ရေးအတွက် ယင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံလိုက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။ 

ဟားမတ်စ်အုပ်စုသည် လက်ရှိဂါဇာ ကမ်းမြောင်ဒေသ စီမံအုပ်ချုပ်ရေးကို တာဝန်ယူထားသည်။

“ခုလို ပါလက်စတိုင်းဘက်က သဘောတူညီလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးတို့ဘက်က အတည်ပြုခြင်းလည်း မရှိသေးသလို ငြင်းပယ်တာမျိုးလည်း မရှိသေးပါဘူး။ ဒါပေမဲ့ အစ္စရေးမီဒီယာတွေ ဖော်ပြချက်မှာ ပါလက်စတိုင်းတို့က သီးခြား ကြားခံဖျန်ဖြေရေးသမား လေးဦးကနေတစ်ဆင့် အပစ်အခတ်ရပ်စဲရေးကို အဆိုပြုခဲ့တယ်လို့ သိရပါတယ်”ဟု Aljazeera ရုပ်သံသတင်းထောက် ဟယ်ရီဖားဆက်က ပြောကြားသည်။

ပါလက်စတိုင်းအုပ်စုများဘက်က ထုတ်ပြန်သောကြေညာချက်တွင် “အီဂျစ်နိုင်ငံ၏ ကြိုးပမ်းချက်ကြောင့် ဂျူးဝါဒီ ရန်သူနှင့် ခုခံကာကွယ်ရေးအင်အားစုအကြား အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်”ဟု ဖော်ပြပါရှိသည်။ 

အစ္စရေးတို့ဘက်က သဘောတူညီချက်ကို လေးစားလိုက်နာနေသေးသရွေ့ ပါလက်စတိုင်း ခုခံကာကွယ်ရေးအင်အားစုဘက်ကလည်း လေးစားလိုက်နာသွားမည်ဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ကို ထုတ်ဖော်ကြေညာလိုက်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း လူမျိုး ရာပေါင်းများစွာ လမ်းမပေါ်ထွက်ပြီး အောင်ပွဲခံခဲ့ကြသည်။

ဟားမတ်စ်အုပ်စုမှ အကြီးအတန်း အရာရှိတစ်ဦးဖြစ်သူ အစ္စမေးလ်ဟာနီယာက အကယ်၍ အစ္စရေးတို့ဘက်က ဂါဇာဒေသအပေါ် ရန်စပြုမူမှုများ အဆုံးသတ်ပေးမည်ဆိုပါက ပါလက်စတိုင်းအုပ်စုသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပေါ်ထွက်အောင် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု အစောပိုင်းတွင် ပြောကြားခဲ့သေးသည်။ 

ပြီးခဲ့သည့် တနင်္လာနေ့ကစပြီး အစ္စရေးတို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုများကြောင့် ပါလက်စတိုင်းလူမျိုး ခုနစ်ဦးသေဆုံးခဲ့ရသည်ဟု အာဏာပိုင်များက ပြောသည်။ ယင်းဖြစ်ရပ်သည် ၂၀၁၄ ခုနှစ် စစ်ပွဲနောက်ပိုင်းအစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးအတွက် အဆိုးရွားဆုံး တိုက်ခိုက်မှုကြီးဖြစ်ခဲ့သည်။

ယင်းတနင်္လာနေ့တွင်ပင် ဟားမတ်စ်နှင့် အခြားပါလက်စတိုင်းလက်နက်ကိုင် အုပ်စုများက အစ္စရေးတို့ဘက်ကို ဒုံးကျည်နှင့် မော်တာဗုံး ၄၀၀ ကျော်ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာ အစ္စရေးတို့ကလည်း လေကြောင်းထိုးစစ်များ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့သည်။ 

F-01