News

POST TYPE

NEWS

နိုင်ငံခြားဘဏ်များ၏ ချေးငွေအတိုးနှုန်း ဗဟိုဘဏ်သတ်မှတ်
15-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၄

ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ ငွေချေးခွင့် စတင်ခွင့်ပြုလိုက်ပြီး တစ်ပတ်အကြာ နိုဝင်ဘာလ ၁၄ ရက်နေ့၌ ချေးငွေအတိုးနှုန်းကို တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။

နိုင်ငံခြားဘဏ်များက ဒေါ်လာဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများသို့ ငွေချေးပါက နိုင်ငံတကာ ဈေးကွက်တွင်ပေါက်နေသော အတိုးနှုန်းအတိုင်း ချေးရမည်ဖြစ်ပြီး ကျပ်ငွေဖြင့်ချေးမည်ဆိုပါက ဗဟိုဘဏ်က ပြည်တွင်းဘဏ်များကို သတ်မှတ်ထားသည့် အတိုးနှုန်းကန့်သတ်ချက်ဘောင် ၈ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအတွင်းပင်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက သတင်းမီဒီယာများကို ရှင်းလင်းပြောကြားလိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားဘဏ်များက မြန်မာကျပ်ငွေ လိုအပ်ချက်ကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ချေးနိုင်ခြင်း၊ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်း၍ ကျပ်ငွေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်း၊ နိုင်ငံခြားဘဏ်ပိုင် ဒေါ်လာများကို ရောင်းချခြင်း အစရှိသည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း ၎င်းကရှင်းပြသည်။

“သူတို့ ဘယ်လိုနည်းလမ်းနဲ့ပဲ ချေးချေး (အတိုးနှုန်း) ၈ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းအတွင်းပဲဖြစ်အောင် ဗဟိုဘဏ်က ထိန်းပေးသွားမယ်”ဟု ဦးစိုးသိန်းက ပြောဆိုသည်။

ယင်းကဲ့သို့ နိုင်ငံခြားဘဏ်လုပ်ငန်းများကို ခွင့်ပြုပေးခြင်းအားဖြင့် သွင်းကုန် လုပ်ငန်းရှင်များအတွက် လိုအပ်သည့် နိုင်ငံခြားငွေကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး အပေါင်ပစ္စည်းမဲ့ ငွေချေးခြင်းစနစ်မှာ အားကောင်းလာမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကလည်း ပြောကြားသည်။

ပြည်တွင်းဘဏ်များသည် နိုင်ငံခြားဘဏ်များနှင့်နှိုင်းယှဉ်ပါက အတွေ့အကြုံနည်းပါးပြီး တစ်ဖက်မှာလည်း အပ်ငွေအပေါ် ၈ ရာခိုင်နှုန်းထက် မနည်းသည့် အတိုးပေးရသဖြင့် ဗဟိုဘဏ်က ယခုကဲ့သို့ သတ်မှတ်ခြင်းမှာ နှစ်ဖက်ညီမျှမှုကိုဖြစ်စေကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

နိုင်ငံခြားဘဏ်များက ငွေချေးရာတွင် ပြည်တွင်းဈေးကွက် အတွေ့အကြုံ နည်းနေပြီး ခရက်ဒစ်ဗျူရိုစနစ်များ မစတင်နိုင်သေးသဖြင့် သတင်းအချက်အလက် မရရှိနိုင်ခြင်း၊ ငွေလဲလှယ်နှုန်း အတက်အကျမငြိမ်ခြင်း စသည့်အချက်များကြောင့် ပြည်ပနိုင်ငံများတွင် ချေးသည့်နှုန်းထားအတိုင်း ချေးပေးနိုင်မည်မဟုတ်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးသန်းလွင်က ပြောဆိုသည်။

ဗဟိုဘဏ်အနေနှင့် နိုင်ငံခြားဘဏ်များကို တစ်ဆင့်ချင်း လုပ်ကိုင်ခွင့်ပေးသင့်ပြီး ယခုကဲ့သို့ ဖြေလျှော့မှုများမပေးမီ ပြည်တွင်းဘဏ်များ အားကောင်းအောင် ဆောင်ရွက်သင့်ကြောင်း၊ ပြည်တွင်းဘဏ်ကြီးများက ဘဏ်သေးများကို ဝယ်ယူခြင်း၊ ဘဏ်သေးများအချင်းချင်း ပူးပေါင်းခြင်း၊ ဘဏ်သေးနှင့် ဘဏ်ကြီးများ ပူးပေါင်းခြင်း စသည့်အချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ မဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဝေဖန်ပြောဆိုသည်။

လက်ရှိတွင် ပြည်တွင်းဘဏ်များက အပ်ငွေအပေါ် ၈ ဒသမ ၅ ရာခိုင်နှုန်း ပေးနေပြီး ချေးငွေအပေါ် ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအကြားတွင် ချေးပေးနေကြောင်း ဘဏ်အသိုင်းအဝိုင်းထံမှ သိရသည်။

စီးပွားရေးလုပ်ငန်းများမှာ ပြည်တွင်း ဘဏ်များထံတွင် အတိုးနှုန်းကြီးမြင့်စွာ ချေးယူလာခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီး ထုတ်လုပ်မှုစရိတ်မြင့်မားသဖြင့် ကုန်ထုတ်လုပ်မှု ဈေးကွက်များတွင် အခက်အခဲများ ဖြစ်ခဲ့ကြောင်း၊ တိုင်းပြည် စီးပွားရေး ကောင်းမွန်လာစေရန် ထုတ်ကုန်များ တင်ပို့ရောင်းချမှု များများလိုအပ်ကြောင်း၊ ဗဟိုဘဏ်အနေနှင့် တိုင်းပြည်စီးပွားရေးကိုကြည့်ရှုကာ အတိုးနှုန်းသက်သက်သာသာ ချေးခွင့်ပေးသင့်ကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက ပြောကြားသည်။

“အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးစေချင်တယ်ဆိုရင် အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေတွေလိုတယ်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC) က စတော့မယ်၊ အခုထိ ငွေအရင်းအနှီး နည်းပညာအားလုံးပဲ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘာမှယှဉ်လို့မရဘူး။ ကိုယ်တွေထက် နိမ့်တဲ့ ကမ္ဘောဒီးယားတို့၊ လာအိုတို့တောင် ကျော်တက်နေပြီ”ဟု ၎င်းကဆိုသည်။

ပြည်ပဘဏ်များကို ငွေချေးခွင့်နှင့် အခြားသော ဘဏ်ဝန်ဆောင်မှုများကို ပေးသည်ဆိုသော်လည်း ဘဏ်ဝန်ဆောင်မှု သုံးစွဲသူတစ်ဦးချင်းမှ အပ်ငွေအပ်ခြင်း၊ ငွေလွှဲခြင်း စသည်များကို ခွင့်ပြုမည်မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

နိုင်ငံခြားဘဏ် ၁၃ ဘဏ်ကို ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တွင် တရားဝင် ဘဏ်ခွဲဖွင့်ခွင့်ပေးခဲ့ပြီး ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သည့်ဝန်ဆောင်မှုကို ခွင့်ပြုခဲ့ကာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ ငွေချေးခြင်းနှင့် အခြားသော ဘဏ်ဝန်ဆောင်မှုပေးခြင်းတို့ကို နိုဝင်ဘာလ ၈ ရက်နေ့က စတင်ခွင့်ပြုခဲ့ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

J-13