News

POST TYPE

NEWS

ပြည်တွင် ထိုးသွင်းဒဏ်ရာ အချက် ၃၀ ခန့်ဖြင့် အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့
14-Nov-2018
ပြည်၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့နယ်၊ တီတွတ်- ဝက်ထီးကန်ကားလမ်းအနီးတွင် ထိုးသွင်းဒဏ်ရာ အချက် ၃၀ ခန့်ဖြင့် အသတ်ခံထားရသည့် လူငယ်တစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ရကြောင်း ပြည်မြို့ အမှတ် (၃) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ (နိုဝင်ဘာ ၁၄ ရက်)နံနက်ပိုင်းက ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့တို့က သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရင်ညွှန့်ထိုးသွင်းဒဏ်ရာ ၂၁ ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာလေးချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာနှစ်ချက်၊ နံစောင်းထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ညာဖက်လက်တွင် ပြတ်ရှဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အမှတ် (၃) ရဲစခန်းထံမှ သိရှိရသည်။

“အမှုနဲ့ပတ်သက်လို့ ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေပါတယ်။ သေဆုံးသူဟာ ဧည့်ကြိုဝန်ထမ်းလုပ်တဲ့သူလို့ သိရတယ်”ဟု ပြည်မြို့ အမှတ် (၃) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သေဆုံးသူမှာ ပြည်မြို့ ရွှေတံခါးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အသတ်မခံရခင် နိုဝင်ဘာလ ၁၃ ရက် ညပိုင်းက ၎င်း၏သူငယ်ချင်းက လာရောက်ခေါ်ဆောင်သွားပြီး ညပိုင်း၌ နေအိမ်သို့ပြန်လာခြင်း မရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက် နံနက်မှသာ အသတ်ခံရသည့် သတင်းကိုကြားသိခဲ့ရကြောင်း သေဆုံးသူ၏ မိသားစုဝင်များကို စစ်ဆေးချက်များအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်မြို့ အမှတ် (၃) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယင်းစခန်းထံမှ သိရသည်။

M-06