News

POST TYPE

NEWS

ကြူကုတ် (ပန်ဆိုင်း) တွင် နွားတင်ယာဉ်တစ်စီး လက်ပစ်ဗုံးဖြင့် အပစ်ခံရ
14-Nov-2018

လားရှိုး၊ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း)မြို့တွင် နိုဝင်ဘာလ ၁၃ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က နွားများတင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး လက်ပစ်ဗုံးဖြင့် အပစ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကြူကုတ်(ပန်ဆိုင်း)မှ မုံးကိုးသွားလမ်း၊ နမ့်ဟူးကျေးရွာလမ်းပေါ်၌ ရပ်ထားသည့် နွားတင်ယာဉ်အပေါ်သို့ ဆိုင်ကယ်စီးနင်းလာသူတစ်ဦးက လက်ပစ်ဗုံးကိုပစ်တင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နွားနှစ်ကောင်သေဆုံးခဲ့ကြောင်း လားရှိုးမြို့ရှိ ဒုတိယရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်၌ နွားထီးအကောင်၃၀ကို တရားဝင်တင်ဆောင်လာတာဖြစ်ပြီး ကုမ္ပဏီအမည်ကို စိစစ်နေဆဲဖြစ်ကြောင်း၊ နွားတင်ယာဉ်ကိုလက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သူမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သို့အဖွဲ့အစည်းကဖြစ်သည်ကို မသိရှိရသေးဘဲ စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အခင်းဖြစ်ချိန်၌ ယာဉ်မောင်းသူမှာ လမ်းဘေးရှိရွာထဲသို့ရောက်ရှိနေသည့်အတွက် ဒဏ်ရာမရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း)မှ မုံးကိုးဘက်သို့ ကျွဲနွားတင်ပို့ခြင်းများမှာ အနည်းငယ်သာရှိပြီး လက်နက်ကိုင်အဖွဲ့များက ယခုကဲ့သို့လုပ်ဆောင်မှုမျိုးမှာလည်း ယခင်ကမဖြစ်ခဲ့ကြောင်း၊ နောင်ချိုနှင့် ကျောက်မဲအကြား ပြည်ထောင်စုလမ်းပေါ်တွင်မူ ကျွဲနွားများတင်ဆောင်မောင်းနှင်နေသည့် ကုန်တင်ယာဉ်များမှာမူ မကြာခဏပစ်ခတ်ခံနေရပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပိုင်း၌ ကျွဲ၊ နွားများတင်ဆောင်လာသည့် ကုန်တင်ယာဉ်များကို လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုများမကြာခဏဖြစ်ပေါ်လျက်ရှိပြီး ယခုနှစ်အတွင်းယင်းသို့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူခြောက်ဦးကျော်အထိရှိနေသည်။

R-07