News

POST TYPE

NEWS

မြောက်ကိုရီးယားတွင် လူမသိသော လျှို့ဝှက်စခန်းများ၌ နျူကလီးယားနှင့်ဒုံးကျည်များ ဝှက်ထားကြောင်း အစီရင်ခံစာတစ်ရပ် ဖော်ထုတ်
14-Nov-2018



ဝါရှင်တန်၊ နိုဝင်ဘာ ၁၃

မြောက်ကိုရီးယားနိုင်ငံသည် လူသိ ရှင်ကြား ထုတ်ပြန်ကြေညာထားခြင်းမရှိသော လျှို့ဝှက်နေရာ ၁၃ နေရာတွင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် ဒုံးကျည်များနှင့် အခြားဆက်စပ်ပစ္စည်းများကို ဝှက်ထားရန် တိတ်တဆိတ်လုပ်ကိုင်လျက်ရှိသည်ဟု နောက်ဆုံးထွက်ပေါ်လာသည့် လေ့လာချက်တစ်ရပ်က ထုတ်ဖော်လိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဝါရှင်တန်အခြေစိုက် နိုင်ငံတကာလေ့လာရေးနှင့် မဟာဗျူဟာဆိုင်ရာသုတေသနစင်တာမှ သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရမြောက်ကိုရီးယားတွင် လူသူမသိသေးသော ဒုံးကျည်ထုတ်လုပ်ရေး စခန်း ၁၃ ခုရှိနေပြီး အာဏာပိုင်များက ယင်းနေရာတွင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော ဒုံးကျည်များ ဝှက်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ခန့်မှန်းချက်အရ လူသိရှင်ကြားထုတ်ဖော် အသိပေးခြင်းမရှိသော ဒုံးကျည်စခန်း စုစုပေါင်း ၂၀ ကျော်ခန့်ရှိသည်။ 

“အဲဒီစခန်းတွေ လည်ပတ်မှုရပ်ဆိုင်း နေတာမျိုးတော့မဟုတ်ပါဘူး။ အဲဒီမှာ ဆက်လက်လုပ်ကိုင်နေကြဆဲပါ။ ခုလိုအနေအထားမှာ အားလုံးအတွက် စိုးရိမ်စရာ ဖြစ်စေတာက ဘာလဲဆိုရင် သမ္မတထရမ့်အနေနဲ့ မှားယွင်းတဲ့ သဘောတူညီချက်ကြီးတစ်ရပ်ကို လက်ခံမိလိုက်မယ့်ကိစ္စပါပဲ” ဟု ယင်းသုတေသနစင်တာမှ ဗစ်တာချားက ပြောကြားသည်။ 

“သူတို့က နျူကလီးယားစမ်းသပ်တဲ့ နေရာတစ်နေရာတည်းကို ကျွန်တော်တို့သိအောင်ပြတယ်၊ အနည်းအကျဉ်းလောက်ကို ဖျက်သိမ်းပြပြီးတော့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရဖို့လုပ်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ဗစ်တာချားသည် တောင်ကိုရီးယား ဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်လျာထားခံခဲ့ရသူဖြစ်သည်။ သို့သော် သမ္မတထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ မြောက်ကိုရီးယားဆိုင်ရာ ချဉ်းကပ်မှုကို သဘောတူလက်ခံခြင်းမရှိသောကြောင့် သံအမတ်ကြီးအဖြစ် ခန့်အပ်မည့်ကိစ္စမှ နာမည်စာရင်းပယ်ဖျက်ခံခဲ့ရသည်။ 

မြောက်ကိုရီးယားနိုင်ငံကိုအမေရိ ကန်ဒဏ်ခတ်အရေးယူမှုများဆက်လက် ထားရှိနေဆဲဖြစ်သော်လည်း အစဉ်အလာ မဟာမိတ်နိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှားတို့က ဇွန်လ ၁၂ ရက် ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးချိန်ကတည်းက ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။ 

သမ္မတထရမ့်သည် ဇွန်လ ၁၂ ရက် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ချီးမွမ်းခဲ့သည်။ ကိုရီးယားကျွန်းဆွယ် နျူကလီးလက်နက်ကင်းစင်ရန် တံခါးဖွင့်ပေးလိုက်သည့်အတွက် အထူးပင်ကျေးဇူး တင်ရှိသည်ဟုလည်း ဆိုသည်။ 

မြောက်ကိုရီးယားနိုင်ငံသည် အဆိုပါ ထရမ့်-ကင်ထိပ်သီးဆွေးနွေးပွဲပြီးဆုံးသွားသည့်အချိန်မှစ၍ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ရပ်ဆိုင်းပစ်ခဲ့သည်။ နိုင်ငံတွင်းရှိ ပင်မနျူကလီးယားစက်ရုံကိုလည်း ဖျက်သိမ်းပစ်မည်ဟု ကတိပေးခဲ့သည်။ 

ယခုနောက်ဆုံးသုတေသနအစီရင် ခံစာကိုရေးသားသူ ဂျိုးဇက်ဘာမူဒက်ဇ်က “အဲဒီစခန်းတွေမှာရှိတဲ့ ဒုံးကျည်မှန်သမျှဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်လို့ရတယ်” ဟု Times အွန်လိုင်းမဂ္ဂဇင်းသို့ ပြောကြားသည်။

F-01