News

POST TYPE

NEWS

မြို့သစ်မြို့နယ်တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်
14-Nov-2018

ချောက်၊ နိုဝင်ဘာ ၁၄

မကွေးတိုင်း မြို့သစ်မြို့နယ် ပေကုန်းရွာတွင် မနေ့ည ၁၁ နာရီခွဲခန့်က ခင်ပွန်းဖြစ်သူက ဇနီးနှင့် ယောက္ခမ နှစ်ဦးစလုံးကို ဓားဖြင့်ခုတ်သတ်သော သုံးလောင်းပြိုင်လူသတ်မှုဖြစ်ခဲ့ကြောင်း ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းထံမှ သိရှိရသည်။

အဆိုပါရွာနေ ကိုအေးလင်း (၃၆ နှစ်) က ဇနီးဖြစ်သူ မမိုးမိုး (၃ဝ နှစ်)၊ ယောက္ခမများဖြစ်သည့် ဦးခင်မောင်လှ (၅၇ နှစ်) နှင့် ဒေါ်တင်တင်ဝင်း (၅၇ နှစ်) တို့ကို ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

ကိုအေးလင်း အရက်သောက်ပြီး လင်မယားနှစ်ယောက်စကားများသဖြင့် ယောက္ခမများက ဝင်ရောက်တားမြစ်ရာ ၎င်းက ဇနီးဖြစ်သူ၏လည်ပင်းကို ဓားဖြင့်ခုတ်ခဲ့သည်။ ပြတ်လုနီးပါးဖြစ်ပြီး ထိုနေရာတွင် မမိုးမိုးသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့နောက် ဦးခင်မောင်လှကို ဓားဖြင့်ထပ်ခုတ်ရာ ဦးခေါင်းဘယ်ဘက်ကွဲအက်ဒဏ်ရာ၊ ဘယ်ဘက်လက်မောင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ ဒေါ်တင်တင်ဝင်းကိုလည်း ဓားဖြင့်ခုတ်ရာ ဦးခေါင်းအလယ်တည့်တည့်ကွဲအက်ဒဏ်ရာ၊ ဘယ်၊ ညာလက်ချောင်းများ ပြတ်ရှပြီး သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

ထို့ကြောင့် ကိုအေးလင်းကို ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးနေသည်။

R-24