News

POST TYPE

NEWS

မြောင်းမြတွင် ရွှေတစ်ပိဿာခွဲ အပါအဝင် ကျပ်သိန်း ၁၉၀၀ ကျော် ဖောက်ထွင်းခံရ
14-Nov-2018

ပုသိမ်၊ နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်း မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက်ရှိ ကြက်မွေးမြူရေး ခြံပိုင်ရှင်၏အိမ်တွင် ရွှေတစ်ပိဿာခွဲနှင့် ငွေသားများအပါအဝင် ကျပ်သိန်း ၁၉၀၀ ကျော်ဖိုး ဖောက်ထွင်းခံရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“အိမ်ရှင်လင်မယားရယ်၊ သူ့မြေးရယ်က ရန်ကုန်မှာ ဆေးသွားကုကြတယ်၊ သူတို့ပြန်လာမှ ဖောက်ထွင်းခံရတာကို သိတာပါ” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။ 

မြောင်းမြမြို့တွင် ဖောက်ထွင်းမှုများ မကြာခဏဖြစ်နေပြီး အိမ်၊ ဖုန်းဆိုင်နှင့် ဇက်ဆိပ်တွင် ညအိပ်ရပ်နားထားသော ကုန်တင်ကားများပါ ဖောက်ထွင်းခံရကြောင်း မြောင်းမြမြို့ဒေသခံ ဦးပိုင်ပိုင်က ပြောသည်။ 

နိုဝင်ဘာလ ၉ ရက်က အိမ်ရှင်လင်မယားနှင့် မြေးဖြစ်သူတို့မှာ ရန်ကုန်သို့ ဆေးကုသရန်သွားရောက်ခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်က အိမ်သို့ပြန်ရောက်လာစဉ် အိမ်မကြီးနှင့် နောက်ဖေးဆောင်သို့ ခြားထားသော တံခါးပွင့်နေသဖြင့် ဖောက်ထွင်းခံရသည်ကို သိရကြောင်း၊ ယင်းနောက် အိမ်ထဲသို့ စစ်ဆေးရာ အခေါက်ရွှေ ၁၀ ကျပ်သားစီရှိသော ရွှေတုံး ၁၅ တုံးနှင့် ရွှေထည်ပစ္စည်းမျိုးစုံ၊ ငွေသားကျပ် ၂၄ သိန်းတို့ ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၄၅၇ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-11