News

POST TYPE

NEWS

အရှေ့အလယ်ပိုင်းဈေးကွက်သို့ မြန်မာ့ငါးတန်စပို့
14-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၁၃

အရှေ့အလယ်ပိုင်းဒေသများသို့ ဈေးကွက်သစ်တစ်ခုအဖြစ် မြန်မာ့ငါးတန်ကို နိုဝင်ဘာလမှစကာ ကွန်တိန်နာငါးလုံးခန့် စတင်၍ တင်ပို့လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ကြီးထွားနှုန်းမြန်ပြီး မွေးကာလတိုသည့် ငါးတန်ကို ၂၀၁၈ ခုနှစ်နှစ်စပိုင်းမှစကာ စမ်းသပ်မွေးမြူ၍ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ဈေးကွက်သစ်တစ်ခုအဖြစ် အရှေ့အလယ်ပိုင်းဈေးကွက်ကိုပါ တင်ပို့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

“ငါးတန်က တရုတ်ကို ကျောခွဲပို့ရတာ။ အရှေ့အလယ်ပိုင်းဈေးကွက်ကိုကျတော့ ဗိုက်ခွဲပြီး အကောင်လိုက်စသွားနေပြီ။ ငါးတန်ဈေးကွက်က တရုတ်အပြင် အရှေ့အလယ်ပိုင်းပါ ပွင့်သွားတဲ့အတွက် ပြည်ပကို အများဆုံးပို့တဲ့ငါးထဲမှာ ငါးတန်ပါလာပါလိမ့်မယ်” ဟု ဦးဝင်းကြိုင်က ရှင်းပြပြောဆိုသည်။

အရှေ့အလယ်ပိုင်းဈေးကွက်ကို တရုတ်နိုင်ငံသို့တင်ပို့သည့် တစ်ပိဿာခွဲဆိုက်များကိုသာ ဗိုက်ခွဲ၍ အကောင်လိုက်တင်ပို့ရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ငါးတန်ကို အသားလွှာ၍ ခေတ်မီစက်ကိရိယာများဖြင့် ထုပ်ပိုးတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

“ငါးတန်မွေးရင် တစ်ခုမှ ပစ်စရာမရှိဘူး။ အရေခွံ၊ စည်ဖောင်း၊ အရိုး၊ ခေါင်းတွေအကုန်လုံးက ဈေးရတယ်။ အကယ်၍ ငါးတန်မွေးပြီးထွက်လာရင် ဒီကစက်ရုံတွေက သေးတဲ့အတွက် တစ်နေ့ တန် ၁၀၀ ထွက်မယ်ဆို ဒီကစက်ရုံတွေက တန် ၂၀ လောက်ပဲ လုပ်နိုင်တယ်။ ငါးတန်ကို စက်ရုံတည်မှ မွေးနိုင်မယ်” ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ဧက ၁၀၀ ခန့်ဖြင့် ငါးတန်မွေးမြူရေးစီမံကိန်းဆောင်ရွက်ရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အကျိုးတူဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များကိုဖိတ်ခေါ်ထားကြောင်း ၎င်းကပြောဆိုသည်။

ငါးတန်သည် ခြောက်လခန့်သာ မွေးမြူပြီး ဈေးကွက်အတွင်း တင်ပို့နိုင်သည့်အတွက် လက်ရှိမွေးမြူနေသည့် ငါးမြစ်ချင်း၊ တီလားဗီးယားတို့သည် မွေးမြူရသည့်ကာလသည် တစ်နှစ်ကျော်ကြာမြင့်သောကြောင့် မွေးကာလတိုသည့် ငါးတန်ကိုသာ ပြောင်းလဲမွေးမြူသင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ပြောကြားသည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှတင်ပို့သည့် ဟိုက်ပိုသားမတ်စ်ငါးတန်မျိုးစိတ်သည် တရုတ်နိုင်ငံ၏ FDA ဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသောကြောင့် ငါးတန်များတင်ပို့ရာတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

J-11