News

POST TYPE

NEWS

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များအတွက် ဈေးဖွင့်လှစ်ပေးမည်မှာမဟုတ်ဟု ငြင်းဆို
14-Nov-2018

စစ်တွေ၊ နိုဝင်ဘာ ၁၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည် ဝင်ရောက်မည့် ဒုက္ခသည်များအတွက် ဟင်းသီးဟင်းရွက်နှင့် သားငါးဝယ်ယူနိုင်ရန် မောင်တောနယ်စပ်ကုန်သည်များ အသင်းက ဈေးဖွင့်လှစ်ပေးသွားမည်ဆိုသည့်သတင်းမှာ မဟုတ်ကြောင်း အဆိုပါအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောကြားသည်။

“အခုအချိန်ထိ ကျွန်တော်တို့ကို အစိုးက အဲဒီကိစ္စအကြောင်းကြားတာလည်းမရှိသေးဘူး။ အစိုးရနဲ့ ဆွေးနွေး ထားတာလည်းမရှိသေးဘူး” ဟု ၎င်းက ငြင်းဆိုလိုက်သည်။ 

ဒုက္ခသည်များကို ပြန်လာရာတွင် ရေကြောင်းမှ ငါးခူရ လက်ခံရေးစခန်း၊ ကုန်းလမ်းမှ တောင်ပြိုလက်ဝဲ လက်ခံ ရေးစခန်းဖြင့် ပြန်လည်လက်ခံသွားမည် ဖြစ်ပြီး ၎င်းတို့အတွက် နေအိမ်များဆောက်လုပ်နေစဉ် လှဖိုးခေါင်ကြားစခန်း (ယာယီ)တွင် ထားရှိမည်ဖြစ်သည်။

ယင်းသို့ နေထိုင်နေကြစဉ် ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာများကို တစ်လအတွက် ထောက်ပံ့ပေးထားပြီးအပြင် တစ်နေ့လျှင် လူတစ်ဦးကို ၁၀၀၀ နှုန်းနှင့် အစိမ်းအစို သားငါးတို့ ဝယ်ယူစားသောက်နိုင်ရန် မောင်တောကုန်သည်ကြီးများအဖွဲ့က ဈေးဖွင့်လှစ်ပေးရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံး၌ ပြည်ထောင်စုဝန်ကြီးများ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

သို့သော် ဈေးဖွင့်လှစ်ပေးရန် အစိုးရက ကမ်းလှမ်းမှုများရှိလာလျှင် ကုန်သည်များ တိုင်ပင်ဆွေးနွေးပြီး လုပ်ပေးသင့်လျှင် လုပ်ပေးမည်ဖြစ်ကြောင်း ဦးအောင်စံသိန်းက ပြောဆိုသည်။

ဘင်္ဂါလီဒုက္ခသည်များအတွက် ဈေးဖွင့်ရန် စီစဉ်နေမှု ရှိ၊ မရှိကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ထံ မေးမြန်းရာ ယင်းကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိ မသိရှိရသေးပြီး ပြည်ထောင်စုအဆင့်ကသာ သိလျှင် သိရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ပြန်ဝင်လာမှာလား မဝင်ဘူးလားဆိုတာတောင် မသေချာသေးဘူးလေ၊ ကျွန်တော်တို့က မျှော်နေရတာကို သူတို့ဝင်လာပြီးနောက်မှ ဘာတွေအခက်အခဲရှိလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆွေးနွေးရမှာပေါ့” ဟု ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီလူမျိုးများအား နေရာချထားပေးရန် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ၄၂ နေရာ စီစဉ်ထားသည်။

ဘင်္ဂါလီဒုက္ခသည် ၂၀၀၀ ကျော်ကို ပထမဆုံးအသုတ်အနေနှင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ တစ်ရက်လျှင် လူ ၁၅၀ နှုန်းဖြင့် လက်ခံပေးသွားမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ခဲ့သော ဒုက္ခသည်ဦးရေ ရှစ်ထောင်ကျော်စာရင်းတွင် အကြမ်းဖက်သမား ၅၂ ဦးကို စိစစ်တွေ့ရှိသဖြင့် ဥပဒေနှင့်အညီ လွှဲပြောင်းပေးရန် မြန်မာအစိုးရက အကြောင်းကြားထားသည်။

R-22