News

POST TYPE

NEWS

ရှီအန်း-ရန်ကုန်ခရီးစဉ် စီချွမ်လေကြောင်းလိုင်း ပထမဆုံးပြေးဆွဲ
14-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၃

တရုတ်ပြည်၏ ရှေးဟောင်းသမိုင်း ဝင်မြို့တော်ဖြစ်သည့် ရှီအန်းမြို့နှင့် ရန်ကုန်မြို့အကြား ပထမဆုံးခရီးစဉ်အဖြစ် တရုတ်ပြည်အခြေစိုက် စီချွမ်လေကြောင်းလိုင်းသည် နိုဝင်ဘာလ ၁၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းပြေးဆွဲခဲ့သည်။

“ရှီအန်းဆိုတာ တရုတ်ပြည်ရဲ့ သမိုင်းဝင်ရှေးဟောင်းမြို့တော်ဖြစ်တဲ့အပြင် အလုပ်အကိုင်နဲ့ရော တိုးရစ်တွေအတွက်ပါ စီးနင်းနိုင်မယ့် လေကြောင်းဈေးကွက်ရှိတဲ့အတွက် ပြေးဆွဲတာပါ။ ဒါ့အပြင် ဒီခရီးစဉ်က ရှီအန်းနဲ့ရန်ကုန်အကြား ပထမဆုံးခရီးစဉ်ဖြစ်လို့ စီးပွားရေးရော၊ ခရီးသွားကဏ္ဍမှာရော အပြန်အလှန် အကျိုးရှိစေမှာပါ” ဟု စီချွမ်လေကြောင်းလိုင်း၏ ကိုယ်စားလှယ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရှီအန်း-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်လျှင် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ခရီးသည် ၁၆၃ ဦး တင်ဆောင်နိုင်သည့် Airbus A320 အမျိုးအစား လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ရှီအန်း-မန္တလေး ခရီး စဉ်ကိုလည်း ပြေးဆွဲရန်စီစဉ်ထားကြောင်း စီချွမ်လေကြောင်းလိုင်းထံမှ သိရသည်။

“မြန်မာနိုင်ငံက တရုတ်အပါအဝင် နိုင်ငံအချို့ကို ဗီဇာဖြေလျှော့မှုတွေလုပ်လာပြီးတဲ့နောက်မှာ တရုတ်လေကြောင်းလိုင်းတွေက မြန်မာပြည်ကို ခရီးစဉ်တိုးချဲ့တာတွေရှိလာတယ်” ဟု ခရီးသွားလုပ်ငန်း ရှင်တစ်ဦးဖြစ်သူ ဦးသန်းနိုင်က ဆိုသည်။

ရှီအန်းမြို့မှ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်ခရီးသည် ၁၃၀ ကျော် နိုဝင်ဘာလ ၁၃ ရက်တွင် လိုက်ပါစီးနင်းခဲ့ပြီး အဆိုပါ စီချွမ်လေကြောင်းလိုင်း (Sichuan Air) သည် ရန်ကုန်မြို့သို့ ပြေးဆွဲပျံသန်းသည့် ၃၁ ခုမြောက် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြစ်သည်။

J-14