News

POST TYPE

NEWS

Eleven ဂျာနယ်ပါဆောင်းပါးနှင့် ပတ်သက်၍ မီဒီယာကျင့်ဝတ်နှင့် ညီ၊ မညီ ဆုံးဖြတ်ပေးရန် မီဒီယာကောင်စီထံ တင်ပြ
14-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၃

Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သည့်ဆောင်းပါးနှင့်ပတ်သက်၍ မီဒီယာကျင့်ဝတ်နှင့် ညီ၊ မညီ ဆုံးဖြတ်ပေးရန် သတင်းမီဒီယာကောင်စီထံ Eleven Media မှ တာဝန်ရှိသူများက တင်ပြခဲ့ကြောင်း သတင်းမီဒီယာကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

နိုဝင်ဘာလ ၁၃ ရက်က ဗိုလ်တထောင် မြို့နယ်ရှိ သတင်းမီဒီယာကောင်စီရုံးခန်း၌ သတင်းမီဒီယာကောင်စီနှင့် Eleven Media မှ တာဝန်ရှိသူများတွေ့ဆုံခဲ့စဉ် ထိုသို့တင်ပြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လောလောဆယ် ဆုံးဖြတ်တဲ့အနေအထား မရောက်သေးဘူး။ ဆုံးဖြတ်ပေးဖို့ပြောတာကိုတော့ ကျွန်တော်လည်း သဘောတူတယ်။ နှစ်ဖက်သဘောထားမေးရမယ်” ဟု ၎င်းကဆိုသည်။

သတင်းမီဒီယာကောင်စီအနေနှင့် မီဒီယာကျင့်ဝတ်နှင့် ညီ၊ မညီ ဆုံးဖြတ်ရမည့်ကာလသို့ မရောက်သေးကြောင်းနှင့် အစိုးရဘက်က တရားစွဲဆိုသူ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံညှိနှိုင်းမှုသုံးလေးကြိမ်ပြုလုပ်ရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တွေ့ဆုံညှိနှိုင်းမှုတွင် Eleven ဘက်က ပြေလည်ချင်သည့်သဘောထားရှိပြီး သတင်းဖော်ပြမှုအပေါ် အစိုးရဘက်ကို တောင်းပန်ခြင်း၊ မတောင်းပန်ခြင်းမှာ ရေးသားသူ ဆောင်းပါးရှင်နှင့် အယ်ဒီတာ့သဘောထားဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအမှုနှင့်ပတ်သက်၍ သတင်းမီဒီယာဥပဒေအတိုင်း ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၈ ရက်ထုတ် Eleven ဂျာနယ်ပါဆောင်းပါးနှင့်ပတ် သက်၍ Eleven Media Group မှ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့်အကြီးတန်းအယ်ဒီတာတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ရန်ကုန်တိုင်းအစိုးရက တာမွေမြို့နယ်တရားရုံးတွင် တရားစွဲခဲ့သော်လည်း နိုဝင်ဘာလ ၉ ရက်တွင် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၄ (က) အရ စွဲချက်မတင်မီ အမှုရုပ်သိမ်းခဲ့သည်။

J-18