News

POST TYPE

NEWS

အလုံမြို့နယ်တွင် ကုမ္ပဏီအတွင်းဝင်၍ မန်နေဂျာကို ဖမ်းဆီးသွားသည့်အဖွဲ့ မှ ၅ ဦး ဖမ်းမိ
14-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၁၃

အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်း ရှိ ခြံအမှတ် (၅၁/ဘီ)တွင် ဖွင့်လှစ်ထားသည့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီမှ မန်နေဂျာကို ဖမ်းဆီးခေါ်ဆောင်သွား သည့်အဖွဲ့တွင်ပါဝင်သော အမျိုးသားငါးဦးအား ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကုမ္ပဏီမန်နေဂျာဖြစ်သူ အသက် ၄၈ နှစ် ဦးမြင့်စိန် (ခ) ဖီးလစ်ကို ဖမ်းဆီးခေါ်ဆောင်သွားသည့် လူတစ်စုမှာ နိုဝင်ဘာလ ၁၂ ရက် ည ၇ နာရီခန့်က အင်ဂျင်ဝိုင် ရောင်းဝယ်ရေးကုမ္ပဏီထံသို့ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်၍ လိုက်ထရပ်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

“ကုမ္ပဏီမန်နေဂျာက သူ့ညီကို ရုံးခန်းဆီ အမြန်ပြန်လာဖို့ ဖုန်းလှမ်းဆက်တယ်။ ညီဖြစ်သူက ကုမ္ပဏီဆီ ပြန်ရောက်လာတော့ ခြံဝင်းထဲမှာ တုတ်၊ ဓားတွေ ကိုင်ဆောင်ထားတဲ့ လူတစ်စုနဲ့ လိုက်ထရပ် ကားတစ်စီးကို တွေ့လိုက်တယ်။ ဘေးမှာ ရှိတဲ့လူတွေ အကူအညီတောင်းပြီး ခြံဝင်းထဲမှာရှိနေသူတွေ အပြင်ထွက်မလာနိုင်အောင် ခြံအပြင်ဘက်ကနေ ဝိုင်းပိတ်ထားချိန်မှာ အထဲမှာရှိနေသူတွေက ခြံဝင်းတံခါးကို လင်ခရူဆာကားနဲ့ဝင်တိုက်ပြီး မောင်းပြေးသွားတာလို့ တိုင်ချက်အရ သိရတယ်။ အဲဒီကားပေါ်မှာ ကုမ္ပဏီမန်နေဂျာ ဓားစာခံအဖြစ် ပါသွားတာ” ဟု ရဲအရာရှိက ပြောသည်။ 

ဦးမြင့်စိန်(ခ) ဖီးလစ်ကို လင်ခရူဆာ ယာဉ်ပေါ်တင်၍ ခေါ်ဆောင်သွားသည့် လိုက်ထရပ်ယာဉ်ပေါ်မှ လူတစ်စုက ဦးမြင့် စိန်၏ညီဖြစ်သူ ဦးကျော်မြင့် အသုံးပြုနေသည့် လက်ကိုင်ဖုန်းနံပါတ်ဆီဆက်သွယ်၍ ၎င်းတို့နောက် လိုက်မလာရန်နှင့် မည်သူ့ထံမှ အကြောင်းမကြားရန် ပြောဆိုခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က အခင်းဖြစ်ကုမ္ပဏီခြံဝင်းအား ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ အသက် ၄၂ နှစ် သူရ (ခ) စောသူရနှင့် အသက် ၃၄ နှစ် စိုးကျော်ကျော်လွင်တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဦးမြင့်စိန် (ခ) ဖီးလစ်ကို ခေါ်ဆောင်သွားသူများက ပြည်လမ်းနှင့် မပိုလမ်းအရောက်တွင် လင်ခရူဆာယာဉ်ကို ရပ်ပြီး ယင်းယာဉ်ပေါ်ပါ အမျိုးသားငါးဦးက ယာဉ်ပေါ်မှဆင်း၍ လိုက်ထရပ်ယာဉ်ပေါ်တက်ပြီး မောင်းနှင်သွားသဖြင့် ဦးမြင့်စိန် လင်ခရူဆာယာဉ်ကို ၎င်းကိုယ်တိုင် မောင်းနှင်ပြန်လာစဉ် နိုဗိုတယ်ဟိုတယ်ရှေ့အရောက် ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ 

ယင်းနောက် ဖမ်းဆီးရမိသူ ဒဂုံအရှေ့မြို့နယ်တွင် နေထိုင်သော စိုးကျော်ကျော်လွင်နှင့် သူရ(ခ) စောသူရတို့ကို စစ်ဆေးရာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၁၄ ရပ်ကွက်၊ အဝေရာလမ်းတွင် နေထိုင်သူ မျိုးမြင့်အောင်(ခ)အရှည်ကြီးတို့အဖွဲ့မှ ဒေါ်လာဈေး အတက်အကျ ပြုလုပ်နေသည့် ကုလားတစ်ဦးထံ အကြွေးသွားတောင်းသည့်အခါ လိုက်ပါဝန်းရံပေးပါက တစ်ဦးလျှင် ကျပ်ငါးသိန်းစီပေးမည်ဖြစ်ပြီး လူငါးဦးခေါ်ပေးရန် ပြောဆိုခဲ့သောကြောင့် အခင်းဖြစ်နေ့ ညနေ ၄ နာရီခွဲက ချိန်းဆိုထားသည့်နေရာဖြစ်သော ဗဟိုအမျိုးသမီးဆေးရုံရှေ့သို့ စိုးကျော်ကျော်လွင်မှ သူရ (ခ) စောသူရ ၊ ကရင်(ခ)စောထူး၊ စောသန်းဦး (ခ) သန်းဦး၊ စွမ်းဆောင်ဦးတို့ကို အငှားယာဉ်ဖြင့် ခေါ်ဆောင်လာခဲ့ကြောင်း၊ ခဏအကြာတွင် မျိုးမြင့်အောင်(ခ)အရှည်ကြီးတို့အဖွဲ့မှ လိုက်ထရပ်ယာဉ်ဖြင့် ရောက်ရှိလာပြီးနောက် အကြွေးတောင်းမည့် အခင်းဖြစ်ခြံဝင်းသို့ အတူဝင်ရောက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်ပေးခဲ့သည်။ 

အဆိုကုမ္ပဏီရုံးခန်းအတွင်း ရောက်ရှိ လူငယ်သုံးဦးကို တွေ့ရှိခဲ့ကြောင်းနှင့် CCTV အထိုင်စက်၊ ကင်မရာတို့အား မျိုးမြင့်အောင်(ခ)အရှည်ကြီးတို့အဖွဲ့က ဖြုတ်ယူသွားပြီး ဦးမြင့်စိန် (ခ)ဖီးလစ်ကို အမည်မသိလူတစ်ဦးက လင်ခရူဆာယာဉ်ဖြင့် ခေါ်ဆောင်သွားချိန် ၎င်းနှင့် သူရ(ခ)စောသူရတို့မှ ကျန်ရစ်ခဲ့၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနောက် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများကို လိုက်လံဖမ်းဆီးရာ ဒဂုံအရှေ့မြို့နယ်တွင် ဇော်ထူး(ခ)ကရင် (၄၈) နှစ်၊ စောသန်းဦး (ခ) သန်းဦး အသက် ၂၉ နှစ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး တိုက်ကြီးမြို့အဝင်တိုးဂိတ်၌ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ထွန်းထွန်း အသက် ၄၂ ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ 

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ တိုက်ကြီးမြို့အဝင်တိုးဂိတ်တွင် တစ်ဦးဖမ်းမိသည်ဆိုသော်လည်း တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့ထံ အတည်ပြုမေးမြန်းချက်အရ အနုကြမ်းဝင်စီးမှုတွင်ပါဝင်ခဲ့သူ နှစ်ဦးမောင်းနှင်လာသော Light Truck အဖြူရောင်ယာဉ်ကို နိုဝင်ဘာလ ၁၂ ရက် နေ့ ည ၁၀ နာရီ ၃၀ အချိန်တွင် တိုက်ကြီးမြို့ ရန်ကုန်-ပြည်လမ်းဘေး စာတိုက်ရုံးရှေ့တွင် ဖမ်းမိခဲ့ပြီး ဖမ်းမိသူ ရန်ပိုင်ထက် ပြည်မြို့နေထိုင်သူ အသက် ၂၀ နှစ် နှင့် မော်လမြိုင်မြို့တွင် နေထိုင်သူ ထွန်းထွန်းတို့ကို ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားကြောင်း တိုက်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်သူစိုးက အတည်ပြုပြောသည်။ 

ဖမ်းဆီးရမိသူ စိုးကျော်ကျော်လွင်အပါအဝင် ငါးဦးကို ဓားပြမှုဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသော လှဝင်း၊ စွမ်းဆောင်ဦး၊ မျိုးမြင့်အောင် (ခ) အရှည်ကြီး တို့ကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03၊ J-19