News

POST TYPE

NEWS

စံချိန်မီရွှေတုံးများ တင်သွင်းရန် ဗဟိုဘဏ်ထံစာတင်
13-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၁၃

နိုင်ငံတကာစံချိန်မီ ရွှေချောင်း၊ ရွှေတုံးများ တင်သွန်းရန် ဗဟိုဘဏ်ထံ စာတင်ထားရာ အကြောင်းမပြန်သေးသဖြင့် ရွှေတင်သွင်းခြင်းလုပ်ငန်းများ မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ပြည်တွင်း ဈေးကွက်ထဲတွင်ရှိသော ရွှေတုံးများမှာ အထည်ပျက်များကို ပြန်လည် ကျိုထားသဖြင့် ရွှေအရည်မှာ နိုင်ငံတကာ စံချိန်မီရွှေအောက် အရည်လျော့ကျကြောင်း၊ ပြည်ပမှ လက်ဝတ်ရတနာတင်သွင်းပါက အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ရွှေတုံးတင်သွင်းပါကလည်း အခွန်နှုန်းထား အတူတူပင်ဖြစ်သောကြောင့် ရွှေလုပ်ငန်းရှင်များမှာ ရွှေတုံးသာ တင်သွင်းလိုကြောင်း ၎င်းကရှင်းပြသည်။

“လက်ဝတ်ရတနာက သွင်းပြီးပြန်ရောင်းရင် သိပ်မကိုက်ဘူး။ ရွှေတုံးကကျတော့ ကိုယ်လိုချင်တဲ့ပုံစံကို စိတ်ကြိုက်လုပ်ပြီး ရောင်းနိုင်တယ်။ ဒါကြောင့် နိုင်ငံတကာ ဈေးကွက်ပေါက်တဲ့ ရွှေတုံးကိုပဲ တင်သွင်းချင်တယ်”ဟု ၎င်းကပြောဆိုသည်။

ရွှေတုံးများကို နိုင်ငံတစ်နိုင်ငံမှ ပြည်ပသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း ပြုလုပ်ကြလျှင် နိုင်ငံတကာ၌ ဗဟိုဘဏ်ဥပဒေအတွင်း ထည့်သွင်းကိုင်တွယ်ရလေ့ရှိကြောင်း၊ ဗဟိုဘဏ်က ကိုင်တွယ်ရသည့် အဓိက အကြောင်းရင်းမှာ ပြည်တွင်းမှ ရွှေတင်ပို့ခြင်းထက် ပြည်ပမှ ရွှေတင်သွင်းခြင်း များပြားလျှင် ဒေါ်လာဈေးတက်ပြီး ပြဿနာ ဖြစ်လာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ရှင်းပြသည်။

“နိုင်ငံတကာမှာ ရွှေတင်သွင်းမှုများပြီး နိုင်ငံခြား ငွေကြေးဈေးကွက်ကိုထိခိုက်လို့ လိုင်စင်ဖျက်သိမ်းလိုက်ရတာမျိုးရှိတယ်။ ဒါကြောင့် ဒီကိစ္စက လွယ်လွယ်နဲ့ခွင့်ပြုပေးလို့မရဘူး”ဟု ၎င်းကဆိုသည်။

ရွှေနှင့် လက်ဝတ်ရတနာ ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းကို စက်တင်ဘာလမှစတင်၍ One Stop Service ဖြင့် ဆောင်ရွက်နေသော်လည်း ရွှေလုပ်ငန်းရှင်များက ရွှေတင်ပို့ခြင်းထက် တင်သွင်းခြင်းကို လုပ်ရန်လိုလားသဖြင့် ဗဟိုဘဏ်ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

J-13