News

POST TYPE

NEWS

နိုင်ငံတကာစုံလင်မှုဝါဒအပေါ် ခြိမ်းခြောက်လာမှုကြောင့် အရှေ့တောင်အာရှ ပိုမိုစုစည်းကြရန် စင်ကာပူ တိုက်တွန်း
13-Nov-2018



စင်ကာပူ၊ နိုဝင်ဘာ ၁၂

နိုင်ငံတကာစုံလင်မှုဝါဒအား ခြိမ်း ခြောက်မှုအန္တရာယ် ကျရောက်နေချိန်တွင် အရှေ့တောင်အာရှနိုင်ငံများအကြား ပိုမိုစုစည်းညီညွတ်ကြရန် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက တနင်္လာနေ့တွင် တိုက်တွန်းလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူတွင် အာဆီယံနိုင်ငံများနှင့် အမေရိကန်၊ တရုတ်အပါအဝင် ကုန်သွယ်ဖက်နိုင်ငံများအကြား ကျင်းပနေသည့် ကုန်သွယ်ရေး ထိပ်သီးညီလာခံ၏ အဝန်းအဝိုင်းတွင် လီရှန်လွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဆီယံဟာ အလားအလာ ကောင်းပေမယ့် နိုင်ငံတကာစုံလင်မှုဝါဒ အပေါ်မှာ နိုင်ငံရေးဖိအားပေးမှု အန္တရာယ်ကျရောက်နေချိန်မျိုးမှာ ပိုမိုစုစည်းပြီး ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ဖို့အရေးကို ရွေးချယ်မလားဆိုတဲ့အပေါ်မှာ မူတည်နေတာကို အပြည့်အဝ နားလည်ဖို့လိုပါတယ်”ဟု လီရှန်လွန်းက ပြောကြားသည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်သော အမေရိကနှင့် တရုတ်တို့၏ ကုန်သွယ်ရေးစစ်ပွဲသည် စင်ကာပူအပေါ် ကြီးမားသော ဆိုးကျိုးသက်ရောက်နိုင်သည်ဟု လီက ယခင်က သတိပေးထားပြီး ဖြစ်သည်။ စင်ကာပူ ဗဟိုဘဏ်ကလည်း ဖွံ့ဖြိုးမှု နှေးကွေးတော့မည်ဟု သတိပေးထားသည်။

အသိပညာမူပိုင်ခွင့် ချိုးဖောက်မှု၊ အမေရိကန်ကုမ္ပဏီများအပေါ် ကန့်သတ်ထားမှု၊ ကုန်သွယ်ရေးလိုငွေ ဖြစ်ပေါ်စေမှုတို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အရေးယူဆောင်ရွက်မှုများ ချမှတ်နေသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုသီတင်းပတ်တွင် ကျင်းပနေသော စင်ကာပူကုန်သွယ်ရေး ထိပ်သီးညီလာခံသို့ ကိုယ်တိုင်တက်ရောက်ခြင်း မရှိပေ။

အာဆီယံကုန်သွယ်ရေး ညီလာခံသို့ ထရမ့်၏ကိုယ်စား လာရောက်မည့် ဒုတိယ သမ္မတ မိုက်ပင့်စ်၊ တရုတ်ဝန်ကြီးချုပ် လီကီရှန်း၊ ရုရှားသမ္မတ ပူတင်၊ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တက်ရောက်ကြမည်ဟု မျှော်လင့်ရသည်။

တစ်ကမ္ဘာလုံး ဂျီဒီပီ၏ သုံးပုံတစ်ပုံ ကျော်မည့် လွတ်လပ်သော ကုန်သွယ်ရေးဇုန် သဘောတူညီချက်ဖြစ်ပေါ်လာစေရေးအတွက် လောလောဆယ် ညှိနှိုင်းလျက်ရှိကြသော ဒေသတွင်း စီးပွားရေးလက်တွဲဆောင်ရွက်မှု RCEP စာချုပ်ကို လီရှန်လွန်းက ထောက်ခံမည်ဟု မျှော်လင့်ရသည်။

အဆိုပါစာချုပ်တွင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် ၁၆ နိုင်ငံ ပါဝင်သော်လည်း အမေရိကန်ပါဝင် ခြင်းမရှိပေ။

ယခုလကုန် ဗျူနိုအေရီတွင် စီစဉ်ထားသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ထိပ်သီးဆွေးနွေးပွဲအတွက် အကြိုတွေ့ဆုံမှုဖြစ်လာနိုင်သည့် ယခုစင်ကာပူ ညီလာခံ၏ အဝန်းအဝိုင်းတွင် လီကီရှန်းနှင့် မိုက်ပင့်စ်တို့ သီးသန့်ဆွေးနွေးပွဲ ကျင်းပမည်လားဆိုသည်ကို တိကျစွာမသိရသေးပေ။

F-04