News

POST TYPE

NEWS

အမျိုးသားရေးဝါဒသည် အိန္ဒိယမှ သတင်းတုများ၏ နောက်ကွယ်ရှိ မောင်းနှင်အားဖြစ်ကြောင်း ဆန်းစစ်တွေ့ရှိရ
13-Nov-2018



နယူးဒေလီ၊ နိုဝင်ဘာ ၁၂

အိန္ဒိယနိုင်ငံတွင် ကြီးထွားနေသော အမျိုးသားရေးဝါဒသည် သာမန်ပြည်သူများအား သတင်းတုများ ဖြန့်ချိရန် တွန်း အားပေးနေသည်ဟု ဘီဘီစီသုတေသနစစ်တမ်းတွင် တွေ့ရှိရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမျိုးသားရေး လှုံ့ဆော်သော သတင်းတုများကို ဖန်တီးဖြန့်ချိရာတွင် လက်ယာစွန်းအုပ်စုကွန်ရက်များက လက်ဝဲအုပ်စုများထက် များစွာပိုမိုစနစ်ကျကြောင်း လူမှုကွန်ရက်လေ့လာမှုတွင် တွေ့ရှိရသည်။

Twitter မှ သတင်းတုရင်းမြစ်များနှင့် ဝန်ကြီးချုပ်မိုဒီကို ထောက်ခံသည့် ကွန်ရက်များအကြားတွင်လည်း ဆက်နွှယ်စပ်ယှက်နေသည်ဟု သိရှိရသည်။ 

သာမန်ပြည်သူများနှင့် သတင်းတုဖြန့်ချိမှုများ ထိတွေ့မှုလမ်းကြောင်းကို အိန္ဒိယ၊ ကင်ညာနှင့် နိုင်ဂျီးရီးယားတို့တွင် လေ့လာဆန်းစစ်ရာမှ ယခုကဲ့သို့ တွေ့ရှိရခြင်းဖြစ်သည်။

လေ့လာမှုအစီအစဉ်တွင် ပါဝင်သူများက ၎င်းတို့အချင်းချင်း သတင်းမျှဝေမှု အကြောင်းအရာများကို သုတေသနပြုနိုင်ရန်အတွက် ၎င်းတို့၏ လက်ကိုင်ဖုန်းများအား ၇ ရက်ခန့် ကြည့်ရှုနိုင်ရန် ဘီဘီစီကို ခွင့်ပြုခဲ့ကြသည်။

BBC World Service မှ လုပ်ဆောင်ကာ ထုတ်ပြန်ခဲ့သော သုတေသနရလဒ်များသည် ကမ္ဘာတစ်လွှား ရုပ်သံ၊ ရေဒီယိုနှင့် ဒစ်ဂျစ်တယ်ပလောက်ဖောင်းများတွင် ထုတ်လွှင့်ပေးနေသော “သတင်းတုများ၏နောက်ကွယ်”အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အဆိုပါသုံးနိုင်ငံတွင် တရားဝင်သတင်းဌာနများအပေါ် ပြည်သူအများစု၏ အယုံကြည်ပျက်မှုသည် အခြားရင်းမြစ်များမှ သတင်းများကို မစစ်ဆေးဘဲ ယုံယုံကြည်ကြည်လက်ခံကာ ပြန်လည်ဖြန့်ချိမှုကို တွန်းအားပေးမှုဖြစ်ပေါ်စေခဲ့သည်။ ပြည်သူများသည် သတင်းတုများကို စိစစ်နိုင်စွမ်းရှိသည်ဟုလည်း သူတို့ကိုယ်သူတို့ အလွန်အကျွံ ယုံကြည်စိတ်ရှိနေကြသည်။

၂၀၁၈ အတွင်း ဒစ်ဂျစ်တယ်သတင်း ဖြန့်ချိမှုများသည် ထိုပြဿနာကို ပိုဆိုးသွားစေသည်။ လူမှုကွန်ရက်သုံးသူများသည် သတင်းဇာစ်မြစ်များကို စူးစမ်းစစ်ဆေးမှု အနည်းအကျဉ်းသာရှိကြပြီး ထိုအစား ယုံကြည်ရမည့် လက္ခဏာမျိုးကိုသာ ရှာကြသည်ကို လေ့လာတွေ့ရှိရသည်။

သတင်းတုဖြန့်မှုတွင် Facebook ပို့စ်မှ မှတ်ချက်များ၊ ဓာတ်ပုံများ ပါဝင်ပြီး မိသားစုဝင်များ၊ မိတ်ဆွေများထံမှ whatsapp မက်ဆေ့ခ်ျများသည် ယုံကြည်စိတ်ချရသည်ဟု အများစုက ယုံကြည်လေ့ ရှိသည်။

Whatsapp တွင် ပျံ့နှံ့နေသော ကောလာဟလများနှင့် သတင်းအတုများသည် အိန္ဒိယတွင် အကြမ်းဖက် အဓိကရုဏ်းများအထိ ဖြစ်ပေါ်စေခဲ့သည်။

လူမှုကွန်ရက်မှ သတင်းတုများနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မနှစ်က အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့ရသည်ဟု ဘီဘီစီ၏ အခြားလေ့လာမှုစစ်တမ်းတစ်ခုအရ သိရှိ ရသည်။

ကင်ညာတွင် ငွေကြေးနှင့် နည်းပညာဆိုင်ရာ သတင်းတုများသည် Whatsapp တွင် ပျံ့နှံ့နေသော သတင်းများအနက် တတိယအများဆုံးဖြစ်ပြီး နိုင်ဂျီးရီးယားတွင် အကြမ်းဖက်ဝါဒနှင့် စစ်ဘက်ဆိုင်ရာသတင်းတုများ အမြောက်အမြား ပျံ့နှံ့လျက်ရှိသည်ဟု ဆိုသည်။

ဘီဘီစီ သုတေသနပြုသူများက အဆိုပါသုံးနိုင်ငံစလုံးတွင် ၇ ရက်ကာလ အတွင်း ပါဝင်ဖြေကြားသူများအား ၎င်းတို့ ၏နေအိမ်များတွင် နာရီပေါင်းများစွာ တွေ့ဆုံမေးမြန်းကာ Whatsapp နှင့် Facebook မှတစ်ဆင့် သတင်းများမျှဝေကြပုံကို အသေးစိတ်လေ့လာမေးမြန်းခဲ့ကြပြီး Twitter အကောင့် ၁၆,၀၀၀ ခန့်နှင့် facebook ပေ့ခ်ျ ၃၀၀၀ ခန့်ကို လေ့လာဆန်းစစ်ခဲ့ကြသည်။

F-04