News

POST TYPE

NEWS

အလွန်ပြင်းထန်သော ဧရာမတောမီးကြောင့် ကယ်လီဖိုးနီးယားတွင် လူ ၃၁ ဦးသေဆုံး၊ ၂၀၀ ကျော် ပျောက်ဆုံး
13-Nov-2018



လော့အိန်ဂျလိစ်၊ နိုဝင်ဘာ ၁၂

ကယ်လီဖိုးနီးယားဖျက်အားပြင်း ဧရာမတောမီးကြီးသည် လမ်းကြောင်းသုံးခုဖြင့် အားရပါးရ ဝါးမျိုလျက်ရှိရာတွင် လူနေရပ်ရွာများကိုပါ ထိခိုက်လျက်ရှိပြီး လူ ၃၁ ဦး သေဆုံးထားကာ လူ ၂၀၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ 

ယခုတောမီးသည် ၁၉၃၃ ခုနှစ်ကတစ်ကြိမ်ဖြစ်ခဲ့သောကယ်လီဖိုးနီးယား ဧရာမတောမီးနှင့် သေဆုံးထိခိုက်သူဦးရေ တူသွားပြီဖြစ်သည်။

တောင်ဘက်ပိုင်းလမ်းကြောင်းရှိ တောမီးကြောင့် လူ၂ ဦး သေဆုံးခဲ့ရပြီး ကမ်းခြေအပန်းဖြေစခန်း မာလီဘူးတွင် ထိခိုက်မှုများရှိထားသည်။ 

ကယ်လီဖိုးနီးယားပြည်နယ်အတွင်း လမ်းကြောင်းကြီးသုံးခုဖြင့် လောင်ကျွမ်းနေသော တောမီးကြောင့် နေအိမ်များကိုစွန့်ခွာ ထွက်ပြေးရသူဦးရေ နှစ်သိန်းငါးသောင်းရှိသွားပြီဖြစ်သည်။ 

လေတိုက်နှုန်းလည်းပြင်းထန်သော ကြောင့် မီးကလည်း တားမရဆီးမရဖြစ်နေ လေရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက ကယ်လီဖိုးနီးယားတောမီးအားသဘာဝဘေးဒဏ်ကြီးအဖြစ် ကြေညာပေးပါရန် သမ္မတဒေါ်နယ်ထရမ့်ကို တိုက်တွန်းလိုက်သည်။ 

ဧရာမသဘာဝဘေးဒဏ်ကြီးအဖြစ် ဗဟိုအစိုးရက ကြေညာလိုက်လျှင် ပြည်ထောင်စုအဆင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေများရရှိမည်ဖြစ်သည်။ 

တောအုပ်များကို ကောင်းစွာထိန်းသိမ်းခြင်းမရှိဟု ပြစ်တင်ကာ ကယ်လီဖိုးနီးယားကို ရန်ပုံငွေဖြတ်တောက်မည်ဟု သမ္မတထရမ့်က သတိပေးလိုက်ပြီးနောက် မြို့တော်ဝန်က သဘာဝဘေးဒဏ်ကြီးအဖြစ် ကြေညာပေးပါရန် တောင်းဆိုမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ပါရာဒိုက်စ်ဟု အမည်ရသောမြို့တွင် နေအိမ်နှင့် စီးပွားရေးပေါင်း ၆၇၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ရသည်။ 

“လူနေဧရိယာ အားလုံးလောက် နီးပါး ကုန်သွားပါပြီ။ ၉၀ ရာခိုင်နှုန်းလောက် ရှိပါလိမ့်မယ်။ ကျွန်မ အဲဒီကိုသွားပြီး ကြည့်ခဲ့ပါတယ်။ ကျွန်မသိတဲ့ လူအားလုံး လောက်နီးပါးရဲ့နေအိမ်တွေ ဆုံးရှုံးသွားကြပါပြီ”ဟု ပါရာဒိုက်စ်မြို့၏ မြို့တော်ဝန် ဂျိုဒီဂျုံးစ်က ပြောကြားသည်။ 

အဆိုပါတောမီးသည် ကယ်လီဖိုးနီး ယားပြည်နယ်တွင် သမိုင်းနဲ့ချီ၍ အပျက်အစီးအများဆုံးဖြစ်ကာ သေဆုံးမှုလည်း အမြင့်ဆုံးဖြစ်သည်။

F-02