News

POST TYPE

NEWS

ရွာသာကြီးရောက် စွန့်ပစ်ခံစိတ်ရောဂါလူနာ ၁၀၀ ကျော်ကို အပန်းဖြေခရီးပို့မည်
13-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စိတ်ကျန်းမာရေးဆေးရုံ (ရွာသာ ကြီး)မှ အနေကြာ/ပိုင်ရှင်မဲ့လူနာ ၁၂၀ ဦး ကို နိုဝင်ဘာလ ၁၅ ရက်၌ ပဲခူးမြို့ရှိ တန်ခိုးကြီးဘုရားနှစ်ဆူနှင့် ရွှေပြည်အေးအပန်းဖြေစခန်းတို့သို့ အလည်အပတ်ခရီးပို့ဆောင် ပေးမည်ဖြစ်ကြောင်း အဆိုပါဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာယဉ်ယဉ်ထွန်းက ပြောကြားသည်။

“စိတ်ရောဂါဝေဒနာရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ခရီးတိုလေးတွေဖြစ်ဖြစ် ပို့ပေးဖို့လိုတယ်။ အဲ့ဒါကြောင့်လည်း အခုလိုအစီအစဉ်လေးတွေ လုပ်ကြတာပါ” ဟု ၎င်းက ဆိုသည်။

အနေကြာ/ပိုင်ရှင်မဲ့လူနာများကို ပြင်ပခရီးစဉ်ပို့ဆောင်မှုမှာ ခြောက်ကြိမ်မြောက်ဖြစ်ပြီး နှစ်စဉ် စေတနာရှင်၊ အလှူရှင်နှင့် ဆေးရုံဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်။

“လူနာတွေ မပျောက်ရှအောင်တော့ အုပ်စုလိုက် ဦးဆောင်တဲ့ ဆရာဝန်၊ သူနာပြုတွေက စောင့်ရှောက်ရတာပေါ့။ တချို့ဆို ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီ” ဟု စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး)မှ သူနာပြုဆရာမ ဒေါ်ခမ်းက မှတ်ချက်ပြုသည်။

စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) တွင် ကုသရေးဌာနကြီးများအနေနှင့် အရက်ဖြတ်ဆောင်၊ မူးယစ်ဆေးဖြတ်ဆောင်၊ မှုခင်းဆောင်တို့ရှိပြီး အမျိုးသားနှင့် အမျိုးသမီးလူနာဆောင်ဟူ၍ နှစ်မျိုးခွဲခြားထားကြောင်း၊ ထို့အပြင် ပြင်ပလူနာဌာနတစ်ခုဖွင့်၍ နေ့စဉ်လာရောက်ပြသသူ လူနာဦးရေ ၈၀ ခန့်ကို စမ်းသပ်စစ်ဆေး ပေးလျက်ရှိကြောင်း စိတ်ကျန်းမာရေး ဆေးရုံ (ရွာသာကြီး)ထံမှ သိရသည်။

၂၀၁၇ ခုနှစ်အတွင်း စိတ်ကျန်းမာ ရေးဆေးရုံ (ရွာသာကြီး)သို့ တက်ရောက်ကုသသူစာရင်းအရ အရက်ဆိုးကျိုးဖြင့် တက်ရောက်သူ ၇၄၀၀ ခန့်၊ စိတ်ကြွရောဂါဖြင့် တက်ရောက်သူ ၃၅၀၀ ခန့်၊ မူးယစ်ဆေးဖြင့် တက်ရောက်သူ ၂၂၀၀ ခန့်အပါအဝင် စိတ်ကစဥ့်ကလျားရောဂါကြောင့် တက်ရောက်သူ ၁၈၀၀ ခန့် အသီးသီးရှိကြောင်း အဆိုပါဆေးရုံမှတ်တမ်းအရ သိရသည်။

J-17