News

POST TYPE

NEWS

အဲကမ္ဘောဇလေကြောင်းလိုင်း ထားဝယ်နှင့် လွိုင်ကော်ခရီးစဉ် ပြန်လည်ပြေးဆွဲမည်
13-Nov-2018


ရန်ကုန်၊ နိုဝင်ဘာ ၁၂

ထားဝယ်နှင့် လွိုင်ကော်မြို့များသို့ ၂၀၁၇ ခုနှစ်အတွင်း ပျံသန်းပြေးဆွဲမှု ရပ်နားခဲ့သည့် အဲကမ္ဘောဇလေကြောင်းလိုင်းသည် နိုဝင်ဘာလ ၁၉ ရက်မှစ၍ အဆိုပါမြို့များသို့ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ စုံစမ်းသိရသည်။

“ဒီမြို့တွေကို Demand (ခရီးသွားရောက်နှုန်း) ပိုရှိလာမယ်လို့ ယုံကြည်ထားလို့ ပြန်ပြေးတာဖြစ်တယ်”ဟု အဆိုပါ လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဲကမ္ဘောဇလေကြောင်းလိုင်းအနေဖြင့် နိုဝင်ဘာလ ၁၉ ရက်မှစ၍ လွိုင်ကော်မြို့သို့ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်မှစ၍ ထားဝယ်မြို့သို့ အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊စနေနေ့များတွင် ပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ အင်တာနက်စာမျက်နှာ၌ ဖော်ပြထားသည်။

“ဒီနှစ်ပိုင်းမှာ ကယားတို့၊ ထားဝယ်တို့က ခရီးစဉ်တွေကို လူပိုသိတာ များလာတယ်။ ဒါကြောင့် အဲဒီဖက်ကို သွားလည်တဲ့သူတွေလည်း တိုးလာတယ်။ ဒါကြောင့် လေကြောင်းခရီးစဉ် ပြန်ဆွဲတာဖြစ်နိုင်တယ်”ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

အဲကမ္ဘောဇလေကြောင်းလိုင်းသည် မန္တလေး၊ မြစ်ကြီးနား၊ ညောင်ဦး၊ ကလေး၊ ဟဲဟိုး၊ လားရှိုး၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေ၊ နေပြည်တော် စသည့် ခရီးစဉ်များကိုလည်း ပြေးဆွဲနေသည့် လေကြောင်းလိုင်းဖြစ်သည်။

အဲကမ္ဘောဇလေကြောင်းလိုင်းသည် ကမ္ဘောဇအုပ်စုကုမ္ပဏီပိုင် လေကြောင်းလိုင်းတစ်လိုင်းဖြစ်ကာ ယင်းကုမ္ပဏီပိုင် အခြားလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Myanmar Airways International (MAI) လေကြောင်းလိုင်းမှာ ပြည်ပနိုင်ငံများသို့ ပြေးဆွဲလျက်ရှိသည့် လေကြောင်းလိုင်းဖြစ်သည်။

J-14