News

POST TYPE

NEWS

သစ်ကားကို သေနတ်ဖြင့် ပစ်ဖမ်းသည့် ရဲကိုစစ်ဆေး
12-Nov-2018

တောင်ငူ၊ နိုဝင်ဘာ ၁၁

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်း မောင်းပြေးသည့် တရားမဝင်သစ် ကားတစ်စီးကို လိုက်လံဖမ်းဆီးရာတွင် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ ယာဉ်မောင်းသေဆုံးခဲ့သည့်ဖြစ်စဉ်မှ သေနတ်ဖြင့်ပစ်သည့် ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေးနေကြောင်း ဖဒိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သတင်းအရ နိုဝင်ဘာလ ၇ ရက် နေ့ ညပိုင်းက ဖဒိုဒေသ မြောက်ဇာမဏီ ကြိုးဝိုင်းအနီး ရိုးမ ၄၈ မိုင်ဂိတ်အနီးတွင် တရားမဝင်သစ်များတင်လာသည့် ယာဉ် ကို ရပ်တန့်ခိုင်းသည်ကို မရပ်ဘဲ မောင်း ပြေးသည့်အတွက် လိုက်လံဖမ်းဆီးစဉ် ယာဉ်ပေါ်မှ လောက်လေးခွဖြင့် ပစ်ခတ်သဖြင့် ရဲတပ်ကြပ် ဝင်းမင်းဦး၏ ဦးခေါင်းထိမှန်၍ ၎င်းက သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ရာမှ ယာဉ်မောင်း ဝင်းဇင်ရ (၂၂ နှစ်) ၏ ကျောဘက်ကို ထိမှန်သေဆုံးခဲ့သည်။

“သေဆုံးသူအပေါ်မှာ တရားမဝင် သစ်သယ်ဆောင်လာမှု၊ မူးယစ်ဆေးဝါးမှုနဲ့ အမှုဖွင့်လှစ်အရေးယူထားပေမယ့် သေနတ်နဲ့ပစ်ခတ်တဲ့ဖြစ်စဉ်ပေါ်မှာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ စုံစမ်းစစ်ဆေး နေဆဲပါ၊ ရဲတပ်ကြပ်ကို လူသေမှုနဲ့ အမှုဖွင့်တယ်ဆိုတာ မဟုတ်ပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါယာဉ်ပေါ်မှ မူးယစ်စိတ်ကြွ ဆေးပြား ၈ ပြား၊ တရားမဝင်ပျဉ်းကတိုး သစ်ခွဲသား ၁၀ ချောင်းနှင့် ဓားသုံးချောင်း တို့ကို ဖမ်းဆီးရမိခဲ့ပြီး တာဝန်ကျရဲတပ်ဖွဲ့ဝင်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ဖဒိုနယ်မြေရဲစခန်းထံမှ သိရသည်။

သေဆုံးသူအမျိုးသားမှာ မြို့ချောင်းဒေသခံဖြစ်ပြီး သစ်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူး သူတစ်ဦးဖြစ်သကဲ့သို့ အခင်းဖြစ်သည့် အချိန် ၎င်းက ရဲတပ်ဖွဲ့ဝင်များကို လောက်လေးခွဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ကို ဖဒိုမြို့ခံတစ်ဦးက တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ ဝင်းဇင်ရအပါအဝင် အမျိုးသားသုံးဦးကို ဖဒိုနယ်မြေရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၁၉(င)/၄၂(က)/၁၆(ဂ)၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းစခန်းထံမှ သိရသည်။

R-15