News

POST TYPE

NEWS

မန္တလေးတွင် ခွင့်ပြုမိန့်မရှိဘဲ လယ်ယာမြေပေါ်တွင် မြေဖို့ကျောက်ချသည့် စက်ယန္တရားများကို ဖမ်းဆီး
09-Nov-2018


မန္တလေး၊ နိုဝင်ဘာ ၈

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အိုင်ကြီးကျေးရွာရှိ အုတ်စုကွင်းအတွင်း၌ ခွင့်ပြုမိန့်မရှိဘဲ လယ်ယာမြေပေါ်တွင် မြေဖို့ကျောက်ချနေသည့် စက်ယန္တရားများကို ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ပြောကြားသည်။ 

မြေဖို့ကျောက်ချလုပ်ငန်းများ ဆောင်ရွက်နေသော မြေသည်ယာဉ် တစ်စီး၊ မြေညှိသည့်ကားတစ်စီးတို့ကို ပုသိမ်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လယ်စီအဖွဲ့ဝင်များနှင့်အတူ ရဲတပ်ဖွဲ့များက နိုဝင်ဘာလ ၇ ရက် ညနေပိုင်းက ပူးပေါင်းဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

“လယ်ယာမြေပေါ်မှာ အခြားနည်းသုံးစွဲခွင့်မရှိဘဲ အကွက်ရိုက်တာ၊ အဆောက်အအုံဆောက်တာတွေကို ဆက်တိုက်အရေးယူနေတယ်။ အရေးယူနေတဲ့ကြားက ခွင့်ပြုချက်မရှိဘဲ ဆက်လုပ်နေတာ” ဟု ဦးသောင်းဌေးလင်းက ရှင်းပြသည်။ 

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများပေါ်တွင် အကွက်ရိုက်၍ အဆောက်အအုံဆောက်လုပ်နေသူ ၂၁ ဦးကိုလည်း ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မှု ပုဒ်မ ၃၅ ဖြင့် တရားစွဲဆိုထားပြီး မန္တလေးတိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် စက်ယန္တရားများသိမ်းဆည်းခြင်း၊ လယ်ယာမြေများအတွင်း တံတားတည်ဆောက်ထားမှုများကို ဖျက်သိမ်းခြင်းတို့ ဆောင်ရွက်နေကြောင်း ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှလည်း သိရသည်။ 

မန္တလေးတိုင်းအတွင်း၌ စိုက်ပျိုးမြေလယ်မြေဧက ငါးသိန်းကျော်နှင့် ယာမြေဧက ၂၂ သိန်းကျော်ရှိကြောင်း တိုင်းအစိုးရမှတ်တမ်းအရ သိရသည်။

M-08