News

POST TYPE

NEWS

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခု ဘဏ္ဍာနှစ်စ၌ ဝင်ရောက်
09-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၈

ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်စ အောက်တိုဘာလမှ နိုဝင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခု ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၆၃ သန်းရရှိကာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၈၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည့်ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍနှင့် အခြားကများဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်မှုအများဆုံးက အထည်ချုပ်လုပ်ငန်းဖြစ်ပါတယ်။ အီးယူက GSP ရုပ်သိမ်းသင့် မသင့်ကို စဉ်းစားနေတဲ့ အခြေအနေဖြစ်ပေမယ့် အထည်ချုပ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်နေတုန်းပါပဲ” ဟု ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ဝင်ရောက်ရန် လျာထားသော်လည်း ၂ ဘီလီယံကျော်သာ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ခြောက်လအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်သည့်နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ကန်ဒေါ်လာသန်း ၇၀၀ ကျော်၊ တရုတ်နိုင်ငံက ကန်ဒေါ်လာသန်း ၃၀၀ ဖြင့် ဒုတိယအများဆုံး၊ ဗြိတိန်နှင့် ဂျပန်တို့က အစဉ်လိုက်ရှိနေပြီး ကုန်ထုတ်လုပ်မှု၊ အိမ်ရာနှင့် တယ်လီကွန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားသည်။

လက်ရှိအစိုးရလက်ထက်တွင် နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားသည်။

J-13