News

POST TYPE

NEWS

ဖားကန့်တွင် နေအိမ်နှစ်လုံး ပြိုကျ
09-Nov-2018



မြစ်ကြီးနား၊ နိုဝင်ဘာ ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာအနီး ဒေသအခေါ် (တာဝါတိုင်ကုန်း) ၌ ကုမ္ပဏီက ကျောက်တူးဖော်နေစဉ် မြေတုန်ခါမှုကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက လူနေအိမ်နှစ်လုံး ပြိုကျခဲ့ကြောင်း ဆိပ်မူကျေးရွာအုပ်စု၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။ 

အဆိုပါ နေအိမ်နှစ်လုံးမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်းမဟုတ်ဘဲ ကုမ္ပဏီနှင့် ဆက်စပ်နေရာ၌ဖြစ်ပြီး မြေတူးဖော်မှုကြောင့် မြေတုန်ခါလျှောကျပြီး ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအိမ်ပြိုကျမှုကြောင့် လူအထိအခိုက်မရှိကြောင်း ၎င်းက ပြောဆိုသည်။

“ကုမ္ပဏီက အောက်ကနေမြေတူးတဲ့အခါကျတော့ အပေါ်က မြေလျှောကျပြီး အိမ်နှစ်လုံးပြိုတာပေါ့။ လူကအထိအခိုက်မရှိပါဘူး။ အိမ်တော့ဖျက်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းသို့နေအိမ်နှစ်လုံးပြိုကျမှုနှင့် ပတ်သက်၍ ကုမ္ပဏီက မည်သို့တာဝန်ယူမည်ကို လတ်တလောမသိရှိရသေးကြောင်း ဦးရွှေသိန်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ပြိုကျခဲ့သည့်နေရာအနီးတွင် ကုမ္ပဏီကမြေထပ်မံတူးပါက အိမ်ခြေ ၄၀ ကျော် ထပ်မံပြိုကျနိုင်ဖွယ်ရှိကြောင်း၊ ယင်းနေရာအနီးတွင် နေထိုင်သည့် အိမ်ခြေ ၅၀ ခန့်ရှိပြီး ကုမ္ပဏီ၏တူးဖော်မှုကြောင့် ယခုကဲ့သို့နေအိမ်ပျက်စီးခြင်းမျိုးမရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက ပြောကြားသည်။

R-06