News

POST TYPE

NEWS

ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကို ထရမ့် ထုတ်ပယ်
09-Nov-2018



ဝါရှင်တန် နိုဝင်ဘာ ၈

အမေရိကန်သမ္မတ ထရမ့်က ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကို ထုတ်ပယ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

“ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်။ သူ့ကို ဆုမွန်ကောင်းတောင်းပါတယ်”ဟု ထရမ့်က twitter တွင် ဗုဒ္ဓဟူးနေ့က ရေးသားထားသည်။

ဂျက်ဖ်ဆက်ရှင်၏ နေရာတွင် ရုံးအဖွဲ့မှူး မက်သယူးဝှိုက်တိက်ကာဖြင့် ယာယီအစားထိုးမည်ဟု ထရမ့်ကဆိုသည်။

အစောပိုင်းက ထရမ့်အားထောက်ခံသူဖြစ်ခဲ့သည့် ဂျက်ဖ်ဆက်ရှင်က ရာထူးမှ နုတ်ထွက်မှုသည် ၎င်း၏ဆန္ဒမဟုတ်ကြောင်းကို နုတ်ထွက်စာတွင် ရှင်းလင်းစွာဖော်ပြထားပြီး “လေးစားရသော သမ္မတကြီးခင်ဗျား။ ခင်ဗျားရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော့်ရဲ့နုတ်ထွက်စာကို တင်လိုက်ပါပြီ။ ကျွန်တော်တာဝန်ယူစဉ်ကာလမှာ ဥပဒေစိုးမိုးမှုကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်”ဟု ရေးသားထားသည်။

ဗုဒ္ဓဟူးနေ့က သမ္မတထရမ့်၏ သက်တမ်းဝက်ရွေးကောက်ပွဲရလဒ်များအကြောင်း ပြောကြားသည့် သတင်းစာရှင်းလင်းပွဲမတိုင်မီ အိမ်ဖြူတော်ရုံးအဖွဲ့မှူး ဂျွန်ကယ်လီက ဂျက်ဖ်ဆက်ရှင်ကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရှိရသည်။

“သမ္မတကြီးမှာ ဖုံးကွယ်စရာ တစ်ခုခုရှိနေတယ်ဆိုတာ ရှင်းနေတာပဲ” ဟု ဒီမိုကရက် ဆီနိတ်တာ ချတ်ရှူမာက မှတ်ချက်ပေးသည်။

ဂျက်ဖ်ဆက်ရှင်သည် ရုရှားစွက်ဖက်မှုကိစ္စအပေါ် ရောဘတ်မူလာကော်မရှင်၏ စုံစမ်းမှုတွင် ၂၀၁၇ မတ်လကစ၍ လက်ရှောင်နေခဲ့ပြီးနောက် သမ္မတထရမ့်၏ အကြိမ်ကြိမ် ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရသည်။

တရားရေးဌာနက ကြီးကြပ်သော အဆိုပါစုံစမ်းမှုတွင် ထရမ့်၏ လုပ်ဖော်ကိုင်ဖက်များစွာအား ရာဇဝတ်မှုဖြင့် စွဲဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

“ဂျက်ဖ်ဆက်ရှင် အနေနဲ့ သူ့သဘောနဲ့သူ လက်ရှောင်တာမျိုး မလုပ်သင့်ဘူး။ ကျုပ်ကို ကြိုတင်အသိပေးသင့်တယ်။ ဒါဆို ကျုပ်က တခြားတစ်ယောက်ကို ရွေးမှာပေါ့”ဟု ထရမ့်က ၂၀၁၇ ဇူလိုင်လတွင် ပြောကြားခဲ့သည်။

ဂျက်ဖ်ဆက်ရှင်သည် ဆီးနိတ်လွှတ်တော် ကြားနာစစ်ဆေးမှုတွင် ရွေးကောက်ပွဲကာလက ရုရှားသံအမတ်နှင့် အဆက်အသွယ်ရှိသူများကို ဖော်ထုတ်ရန် ပျက်ကွက်ခဲ့သည်ဟု ဒီမိုကရက်အမတ်များက စွပ်စွဲခဲ့ကြသည်။

သမ္မတထရမ့်က ဂျက်ဖ်ဆက်ရှင်အား “အင်မတန်ပျော့ညံ့တဲ့လူ။ ရှက်စရာကောင်းတယ်” စသည်ဖြင့် အကြိမ်ကြိမ် ရှုတ်ချခဲ့သည်။

F-04