News

POST TYPE

NEWS

အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ထရမ့်နှင့် သတင်းမီဒီယာပြဿနာတက်
09-Nov-2018

ဝါရှင်တန်၊ နိုဝင်ဘာ ၈

အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲအပြီး ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတဒေါ်နယ်ထရမ့်နှင့် CNN သတင်းဌာန၏ အိမ်ဖြူတော် သတင်းထောက်ဖြစ်သူ ဂျင်မ်အကော်စတာတို့ အချေအတင်စကားများကြပြီးနောက် အိမ်ဖြူတော်က အဆိုပါသတင်းထောက်ကို ထုတ်ပေးထားသည့် သတင်းမီဒီယာဝင်ခွင့်ကတ်ကို ရုပ်သိမ်းလိုက်ကြောင်း အမေရိကန်မီဒီယာများက ရေးသားဖော်ပြသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ဂျင်မ်အကော်စတာက ထရမ့်နှင့် ရီပတ်ဘလစ်ကန် မဟာမိတ်များကို မေးခွန်းအမြောက်အမြားမေးမြန်းရာ သမ္မတထရမ့်မှာ အမျက်ဒေါသထွက်ခဲ့သည်။ 

ဂျင်မ်အကော်စတာ၏ အကဲဆတ်သောမေးခွန်းကြောင့် သမ္မတနှင့် အချေအတင်စကားများနေစဉ် အိမ်ဖြူတော်ပြန်ကြားရေး အမျိုးသမီးဝန်ထမ်းတစ်ဦးက ဂျင်မ်အကော်စတာကိုင်ထားသော မိုက်ခရိုဖုန်းကို ပြန်လည်လုယူသွားသည်။ 

သမ္မတထရမ့်က ဂျင်မ်အကော်စတာကို “တော်တော်ရိုင်းတဲ့လူ” ဟု ပြောဆိုခဲ့သည်။ 

ထရမ့်က ဂျင်မ်အကော်စတာကို အင်မတန်ဆိုးဝါးသောပုဂ္ဂိုလ်ဟုခေါ်ဆိုပြီး ပုတ်ခတ်လိုက်သည်။ ထို့နောက် အိမ်ဖြူ တော်ပြန်ကြားရေးအရာရှိ ဆာရာဆန်းဒါးစ်က ဂျင်မ်အကော်စတာ၏ ဝင်ခွင့်ကတ်ပြားကို ရုပ်သိမ်းကြောင်း ကြေညာသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ CNN သတင်းဌာနက အိမ်ဖြူတော်သတင်းထောက် ဂျင်မ်အကော်စတာကို အပြည့်အဝထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်သည်။ 

“အိမ်ဖြူတော်ထဲသို့ ဂျင်မ်အကော်စတာ၏ဝင်ခွင့်ကတ်ကို ပြန်လည်သိမ်းယူလိုက်ခြင်းသည် ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ၎င်း၏အရေးကြီးသော မေးခွန်းများကို မကျေနပ်၍ လက်တုံ့ပြန်ခြင်းသာဖြစ်သည်။ ပြန်ကြားရေးအရာရှိ ဆာရာဆန်းဒါးစ်သည် လိမ်ညာခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် မဖြစ်ခဲ့သော ဖြစ်ရပ်များကို ဖြစ်ခဲ့သယောင် စွပ်စွဲပြောဆိုခဲ့သည်။ ယခုကဲ့သို့ တုံ့ပြန်မှုမျိုးသည် ကျွနု်ပ်တို့ ဒီမိုကရေစီအတွက် အန္တရာယ်တစ်ရပ်ပင်ဖြစ်သည်” ဟု CNN က ကြေညာချက်ထုတ်ပြန်သည်။ 

သမ္မတထရမ့်နှင့် CNN သတင်းထောက်တို့ စကားများကြသည့်ကိစ္စနှင့် ပတ်သက်၍ နယူးယောက်တိုင်းမ်သတင်းစာ၏ အိမ်ဖြူတော်သတင်းထောက် ပီတာဘေကာက “အိမ်ဖြူတော်မှာ ၁၉၉၆ ခုနှစ်ကစပြီး  ကျွန်တော် သတင်းယူခဲ့တယ်။ ဒါမျိုး တစ်ခါမှမကြုံခဲ့ဖူးပါဘူး။ အရင်သမ္မတတွေဟာ သတင်းထောက်တွေရဲ့ အကဲဆတ်တဲ့မေးခွန်းတွေကို ကြောက်လေ့မရှိခဲ့ပါဘူး”ဟု Twitter တွင် ပြောကြားထားသည်။ 

အိမ်ဖြူတော်သတင်းထောက်များ အဖွဲ့ (WHCA) က ယခုလို ဂျင်မ်အကော်စတာ၏ ဝင်ခွင့်ကတ်ရုပ်သိမ်းခံလိုက်ရသည့်ကိစ္စမှာ လက်သင့်ခံနိုင်စရာမရှိကြောင်း ကြေညာချက်ထုတ်ပြန်သည်။ 

သမ္မတဒေါ်နယ်ထရမ့်သည် CNN သတင်းဌာနကို မကြာခဏဆိုသလို ပြစ်တင်ဝေဖန်ခဲ့ပြီး သတင်းတုများ ဖြန့်ဝေနေသည့် မီဒီယာဟုလည်းခေါ်ခဲ့သည်။ ထို့ပြင် ၎င်းမနှစ်သက်သော သတင်းအစီအစဉ်နှင့် တင်ဆက်မှုများဖော်ပြသည့် မီဒီယာများကို ထုတ်ဝေခွင့်လိုင်စင်ပြန်လည်သိမ်းယူမည်ဟုလည်း ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသည်။ 

သမ္မတထရမ့်သည် သတင်းမီဒီယာသမားများသည် ပြည်သူလူထု၏ ရန်သူဖြစ်သည်ဟုလည်း ဝေဖန်နှိမ့်ချခဲ့ဖူးသည်။ 

ယမန်နေ့ညက CNN သတင်းအစီအစဉ်တွင် ဂျင်မ်အကော်စတာက အင်ဒါဆန်ကူးပါးနှင့် ဆွေးနွေးခန်းပြုလုပ်ခဲ့ရာ “ကျွန်တော်ဟာ သမ္မတကြီးကို မေးခွန်းတစ်ခုမေးဖို့ ကြိုးစားခဲ့ရုံပါ။ ကျွန်တော့်မေးခွန်းကို သူတို့မကြိုက်ဘူးဆိုတာ ထင်ရှားပါတယ်” ဟု ပြောကြားသည်။

F-01