News

POST TYPE

NEWS

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အငြင်းပွားနေသောမြေပြန်ရရန် ကက်သလစ်သာသနာပိုင်အဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်၍ တောင်းဆို
09-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၈

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အငြင်းပွားနေသော ကယားပြည်နယ် မယ်စဲတိုက်နယ်ရှိ သာသနာပိုင်မြေဧက တစ်ဝက် (ဝ ဒသမ ၅ ဧက) ကို ပြန်လည်ရရှိရန် သာသနာ့အကျိုးဆောင်အဖွဲ့က ရန်ကုန်မြို့ လမ်း ၅၀ ရှိ မြန်မာဂျာနယ်လစ်ကွန် ရက်ရုံးခန်း၌ နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့ကြသည်။

“ဒီမြေဟာ သာသနာပိုင်မြေဖြစ်တဲ့အတွက် တရားစွဲတာတော့မလုပ်ပါဘူး။ ဒီဖြစ်စဉ်ကို နိုင်ငံတော်အဆင့် သူ့ရဲ့ အထက်အကြီးအကဲတွေ လာရောက်စစ်ဆေးပြီး ဖြေရှင်းဆောင်ရွက်ပေးဖို့ပဲ မျှော်လင့်တယ်။ သူတို့ဆုံးဖြတ်ချက်အတိုင်းလိုက်နာသွားမှာပါ” ဟု လွိုင်ကော်ကက်သလစ်သာသနာ၊ မယ်စဲတိုက်နယ်ကျောင်းထိုင်ဘုန်းကြီး ရစ်ချက်သူရထွန်းက ဆိုသည်။

မယ်စဲတိုက်နယ်သာသနာပိုင်မြေသည် ၁၉၉၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ရက်စွဲဖြင့် ကက်သလစ်သာသနာ မြေနေရာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်စက်တင်ဘာ ၁၆ ရက် ရက်စွဲဖြင့် မယ်စဲမြေစာရင်းဌာနမှ မြေစာရင်းပုံစံ ၁၀၅ ထုတ်ပေးပြီးဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

“ဘာရည်ရွယ်ချက်နဲ့ ဒီနေရာကို သိမ်းပိုက်လဲဆိုတာတော့ ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ ဒါဟာ အခွင့်အာဏာကို အလွဲသုံးစားလုပ်တာလို့ပဲမြင်တယ်” ဟု သာသနာ့အကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးဂျိုးဇက်က ဆိုသည်။

အဆိုပါမြေနေရာသည် မယ်စဲမှ BP14 ကားလမ်းအနီးတွင်ရှိပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်စည်ဖလှယ်ရေးနေရာနှင့် နီးစပ်ကြောင်း၊ ၂၀၁၄ ခုနှစ်မေလတွင် မယ်စဲမြို့နယ်လက်ထောက်ပညာရေးမှူး ဦးဖိုးချို (ခေါ်) ဦးအယ်လ်ဖောင်းရှို (လက်ရှိဝန်ကြီးချုပ်) က သာသနာပိုင်မြေအတွင်းရှိ အရှေ့မြောက်ထောင့်ကုန်းစောင်းနေရာ ဧကတစ်ဝက် (ဝ ဒသမ ၅) ကို ကျူးကျော်ခြံခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံတော်အကြီးအကဲများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ ပိုင်ဆိုင်ကြောင်းအထောက်အထားများဖြင့် တင်ပြတိုင်ကြားထားသော်လည်း တစ်နှစ်ကျော်ကြာသည့်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း မယ်စဲတိုက်နယ် ကျောင်းထိုင်ဘုန်းကြီး ရစ်ချက်သူရထွန်းထံမှ သိရသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစိုးရအဖွဲ့အစည်းအဝေးရှိပါသဖြင့် လက်ခံဖြေကြားပေးသူမရှိကြောင်း ဖုန်းလက်ခံသူက ပြောကြားသည်။

J-14