News

POST TYPE

NEWS

နိုင်ငံခြားဘဏ်များ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ငွေချေးခွင့် ဗဟိုဘဏ်ခွင့်ပြု
09-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၈

နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ငွေချေးခြင်းအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်ရန် ဗဟိုဘဏ်က ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က The Voice Daily သို့ ပြောကြားသည်။

“နိုင်ငံခြားဘဏ်တွေက စီးပွားရေးလုပ်ငန်းတွေ သတ်မှတ်ချက်နဲ့အညီ ငွေချေးခြင်း၊ တခြားဝန်ဆောင်မှုတွေကို ပြည်တွင်းဘဏ်တွေလိုမျိုး ပေးနိုင်အောင်ခွင့်ပြုလိုက်တာပါ”ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေရရှိနိုင်သည့် အခွင့်အရေး ပိုမိုရရှိစေရန်ရည်ရွယ်၍ နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့်ချေးငွေ ဖြည့်ဆည်းမှုကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်ခွင့်ပြုကြောင်း နိုဝင်ဘာလ ၈ ရက်နေ့၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံခြားဘဏ်များကို ငွေချေးခွင့်ပေးခြင်းဖြင့် လက်ရှိချေးငွေအပေါ် အတိုးယူနေသော ၁၃ ရာခိုင်နှုန်းမှာ အထိုက်အလျောက် လျော့ကျလာနိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

နိုင်ငံခြားဘဏ်များမှာ တစ်ဖက်နိုင်ငံမှ အပ်ငွေအပေါ် ၄ ရာခိုင်နှုန်းဖြင့် အတိုးပေးနေရခြင်းဖြစ်ပြီး ပြည်တွင်းတွင် ၁၃ ရာခိုင်နှုန်းဖြင့် ငွေချေးပါက ယင်းဘဏ်များအတွက် အကျိုးအမြတ်များစွာဖြစ်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားဘဏ်များက စီးပွားရေးလုပ်ငန်းများအပေါ် ချေးငွေအတိုးနှုန်း မည်မျှနှင့်ထုတ်ချေးရမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဗဟိုဘဏ်အနေနှင့် စီးပွားရေးလုပ်ငန်းများအပေါ် နိုင်ငံခြားဘဏ်များချေးငွေထုတ်ချေးနိုင်ရန် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကလည်း ပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။

J-13