News

POST TYPE

NEWS

အဝိုင်းသုံးခုတွင်စမ်းသပ်သည့် မီးပွိုင့်စနစ် အစီအစဉ် ရပ်ဆိုင်း
09-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၈

ရန်ကုန်မြို့ရှိ ယာဉ်ကြောဖြတ်သန်းမှုများသည့် အဝိုင်းသုံးခုတွင် မီးပွိုင့်စနစ် စမ်းသပ်လည်ပတ်ခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု ယခင်ကထက်ပိုမိုဖြစ်ပွားနေသောကြောင့် အဆင်မပြေသဖြင့် မီးပွိုင့်စနစ်ပြုလုပ်မည့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးပွိုင့်နှင့်စမ်းသပ်လည်ပတ်ခြင်းကို ဟံသာဝတီအဝိုင်း၊ ဦးဝိစာရအဝိုင်းနှင့် ဦးထောင်ဘိုအဝိုင်းတို့တွင် နိုဝင်ဘာလ ၄ ရက်မှ ၇ ရက်အထိ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အဝိုင်းသုံးခုမှာ မီးပွိုင့်နဲ့စမ်းသပ်တာ အဆင်မပြေလို့ မီးပွိုင့်စနစ်နဲ့လုပ်မှာကို ရပ်ဆိုင်းလိုက်ပါတယ်။ အခုက ယာယီစမ်းသပ်တဲ့သဘောပါ။ မနက်ပိုင်းနဲ့ညနေပိုင်းမှာ ယာဉ်ကြောပိုပိတ်တယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။

ဦးဝိစာရအဝိုင်း၊ ထောင်ဘိုအဝိုင်းနှင့် ဟံသာဝတီအဝိုင်းတို့တွင်မီးပွိုင့်စနစ် စမ်းသပ်ခဲ့သည့် လေးရက်အတွင်း ကမ္ဘာအေးဘုရားလမ်း၊ ကျွန်းတောလမ်း ဦးဝိစာရလမ်း၊ ဟံသာဝတီလမ်းနှင့် ပြည်လမ်းတောက်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း ယင်းမီးပွိုင့်စနစ်အပေါ် အငှားယာဉ်မောင်းများက ဝေဖန်ပြောကြားသည်။

“မီးပွိုင့်စနစ်လုပ်ချင်ရင် အဝိုင်းကိုဖျက်ပြီးလုပ်ပေါ့။ အခုက စမ်းသပ်တဲ့ရက်တွေမှာ အဲဒီလမ်းနေရာတွေကို ရှောင်မောင်းနေရတယ်။ ရုံးတက်ချိန်ဆို မြေနီကုန်းကနေ လှည်တန်းအထိ တောက်လျှောက်ပိတ်နေတာ တစ်နာရီလောက်ရှိတယ်။ ဒီအဝိုင်းမှာ မီးပွိုင့်စနစ် ဆက်မလုပ်တာဘဲကောင်းပါတယ်” ဟု အငှားယာဉ်မောင်းဖြစ်သူ ကိုဝင်းထွန်းက ဆိုသည်။

မီးပွိုင့်များ စမ်းသပ်လည်ပတ်ခြင်းကို အဝိုင်းသုံးဝိုင်း၌ နိုဝင်ဘာလ ၄ ရက် တွင် နံနက် ၁၁ နာရီ မှ ညနေ သုံးနာရီ အထိ၊ နိုဝင်ဘာ ၅ ရက် တွင် နံနက် ခုနစ် နာရီမှ ကိုးနာရီအထိနှင့် နံနက် ၁၁ နာရီမှ ညနေ သုံးနာရီအထိ၊ နိုဝင်ဘာလ ၆ ရက် တွင် နံနက် ခုနစ်နာရီမှ ည ကိုးနာရီအထိ၊ နိုဝင်ဘာလ ၇ ရက်တွင် နံနက် ခုနစ်နာရီမှ ည ကိုးနာရီအထိ စမ်းသပ်လည်ပတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ဦးဝီစာရအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းနှင့် ဟံသာဝတီအဝိုင်းတို့တွင် မီးပွိုင့်များ စမ်းသပ်လည်ပတ်ခြင်းကို ၂၀၁၇ ခုနှစ်၊ မေလက စမ်းသပ်အသုံးပြုခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုမှာ လျော့ကျခြင်းမရှိဘဲ ပိုမိုပိတ်ဆို့လျက်ရှိသောကြောင့် အဝိုင်းပတ်စနစ်ကို ပြန်လည်အသုံးပြုခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

J-10