News

POST TYPE

NEWS

မလေးရှားတွင် တရားမဝင် ရွှေ့ပြောင်း မြန်မာလုပ်သားများ စီမံချက်ဖြင့် ဖမ်းဆီးခံရ
08-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၈

ရွှေ့ပြောင်း မြန်မာအလုပ်သမားများ သွားရောက်သည့် မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်(အောပရာဇီ)ဖြင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသား အလုပ်သမား ၆၆၅ ဦးတွင် မြန်မာလုပ်သား ၁၅၀ ကျော် ပါဝင်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံအရာရှိ ဦးစိုးသိန်းက ပြောကြားသည်။

“တရားဝင်တွေ မဖမ်းဘူး။ သူတို့က ပုံမှန်အတိုင်း ဖမ်းနေကြပါ။ အခုဖမ်းဆီးရမိသူတွေကို စိစစ်နေတဲ့ကာလရှိတယ်”ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလဆန်းစ၍ ဆလန်ဂေါပြည်နယ် စီးပွားရေးဇုန်ရှိ စက်ရုံကြီးနှစ်ခုကို အလုပ်သမားဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့မှ ပူးပေါင်း၍ စီမံချက်အရ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းဌာနခွဲမှ တာဝန်ရှိသူက “ဖမ်းဆီးခံရတဲ့အလုပ်သမားတွေကို သူတို့ရဲ့ စခန်းမှာထားတယ်။ အဲဒီအချိန်မှာ အလုပ်ရှင်က အထောက်အထားတစ်ခုခု ပြနိုင်ရင် လွှတ်ပေးတယ်။ ဘယ်သူကမှ လာမရွေးရင် ၁၅ ရက်လောက်စောင့်ပေးတယ်။ တရားရုံးတင်ပြီး အထောက်အထား မပြနိုင်ရင် ထောင် ၃ လ ချလိုက်တယ်”ဟု ၎င်းကဆိုသည်။ 

ဖမ်းဆီးရမိသည့် အလုပ်သား ၆၆၅ ဦးတွင် တရားမဝင် အလုပ်သမားဆိုင်ရာ ဥပဒေပုဒ်မ ၂၁ အရ ငြိစွန်းနေသူ မြန်မာနိုင်ငံသား ၁၅၆ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၄ ဦး၊ အင်ဒိုနီးရှား ၂၅ ဦးအပါအဝင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံသားများ ပါဝင်ခဲ့သည်။

“များသောအားဖြင့် အဲဒီမှာ လုပ်နေသူတွေက တရားမဝင်တဲ့သူတွေ များတယ်လေ။ တရားမဝင်တဲ့သူတွေကိုပဲ အဓိက စိစစ်တာပေါ့။ ဆိုလိုတာက ပတ်စ်ပို့တွေနဲ့ ဝင်လာတယ်။ အလည်ဗီဇာတွေနဲ့ ဝင်လာတယ်။ ပါမစ်မရှိကြဘူး။ တချို့ကတော့ မလေးရှားမှာ နေတာကြာပြီပေါ့နော်။ ပတ်စ်ပို့တော့ ရှိတယ်။ ပါမစ်မရှိကြဘူး။ အဲဒီလူမျိုးတွေကိုပဲ အဓိကထားဖမ်းတာ”ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းဌာနခွဲမှ တာဝန်ရှိသူက ဆိုသည်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများ အသင်းဥက္ကဋ္ဌက “ဖြစ်နိုင်တာက မလေးအစိုးရက တရားဝင် သွားခွင့်လိုင်စင် ပိတ်သိမ်းထားတဲ့အချိန်မှာ သွားတဲ့ အလုပ်သမားတွေ ဖြစ်နိုင်တယ်”ဟု ဆိုသည်။

အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းဌာနခွဲ၏ စာရင်းအရ မလေးရှားနိုင်ငံတွင် တရားဝင် လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သူ ၂၁၇၀၀၀ ဦးအပြင် တရားမဝင် သွားရောက်နေထိုင်လုပ်ကိုင်သူ သိန်းနှင့်ချီရှိသည်။ 

J-18