News

POST TYPE

NEWS

“ဂျစ်ကား”အမည်ရှိ တောဆင်ရိုင်းကြောင့် အိမ်တစ်လုံးပျက်စီး
08-Nov-2018


တိုက်ကြီး၊ နိုဝင်ဘာ ၈

“ဂျစ်ကား”ဟု အမည်ပေးထားသည့် တောဆင်ရိုင်းတစ်ကောင် တိုက်ကြီးမြို့နယ် အရှေ့ဘက် ၁၂ မိုင်ခန့်အကွာရှိ ချင်းကုန်းကျေးရွာသို့ ဝင်ရောက်မှုကြောင့် အိမ်တစ်လုံး ပျက်စီးခဲ့သည့်အပြင် ပြောင်းခင်းကိုလည်း စားသောက်ဖျက်ဆီးသွားခဲ့ကြောင်း ချင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြောသည်။

အဆိုပါတောဆင်ရိုင်းသည် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က ရောက်လာခဲ့ခြင်းဖြစ်ပြီး ချင်းကုန်းကျေးရွာအုပ်စု ဒေါ်ခင်သိန်းပိုင် ရာဘာခြံအတွင်းမှ အိမ်တစ်လုံးကို ဖျက်ဆီးပြီး ပြောင်းခင်းများကို စားသောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖျက်ဆီးသွားမှုကြောင့် ကျပ်ရှစ်သောင်းကျော်ဖိုး ပျက်စီးခဲ့ကြောင်း ၎င်းကပြောဆိုသည်။

ယခုကဲ့သို့ ဖျက်ဆီးသွားသော တောဆင်ရိုင်းသည် ဒေသခံများနှင့် မြိုင်ဟေဝန်ဆင်စခန်းက ဂျစ်ကားဟုအမည်ပေးထားသော တောဆင်ဖြစ်ကြောင်း၊ အဆိုပါတောဆင်ရိုင်းသည် ချင်းကုန်းရွာအုပ်စုနှင့် ဥက္ကံမြို့ရှိ ကင်းမတီကျေးရွာအုပ်စုတို့တွင် သွားလာကျက်စားနေသည့် တောဆင်ရိုင်းဖြစ်ကြောင်း မြိုင်ဟေဝန်ဆင်စခန်းမှ ဆင်ဦးစီးတစ်ဦးက ပြောသည်။

ဒေသခံများက ဗြောက်အိုးများ၊ မီးများ၊ သံပုံးများဖြင့် ခြောက်မောင်းသည်ကိုပင် ယဉ်ပါးနေသောကြောင့် ဂျစ်ကားဟု အမည် ပေးထားခြင်းဖြစ်ကြောင်း မြိုင်ဟေဝန်ဆင်စခန်းမှ ဆင်ဦးစီးက ရှင်းပြသည်။

ချင်းကုန်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ဒီကောင်းကြီးက ဒီပတ်ဝန်းကျင်မှာပဲ နေတယ်။ အစာကလည်း ပေါတယ်လေ။ ပြောင်းခင်းတွေ ငှက်ပျောခင်းတွေ ကြံခင်းတွေကလည်း များတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ သတိနဲ့နေကြဖို့ ဒေသခံတွေကို ပြောထားရတယ်။ ဘယ်လိုမောင်းမောင်း ကျွန်တော်တို့ ချင်းကုန်းကျေးရွာနားက မခွာဘူး။ အခုလည်း ဖျက်ဆီးခံရတဲ့အိမ်မှာရှိတဲ့ ဆန်၊ ဆားနဲ့ ငပိတွေစားသွားတာ”ဟု ပြောဆိုသည်။

R-19