News

POST TYPE

NEWS

မိကျောင်းအဆွဲခံရသူ မိကျောင်းမျက်နှာကို ခြေဖြင့်ကန်ထုတ်ပြီး ပြန်လွတ်လာ
08-Nov-2018

ပုသိမ်၊ နိုဝင်ဘာ ၈

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဆတ်ကျွန်းရွာအနီးတွင် ယမန်နေ့ ညနေ ၆ နာရီခန့်က ဦးနေမိုးအောင်သည် ငါးဖမ်းပိုက်ထောင်နေစဉ် မိကျောင်းအဆွဲခံရပြီး မိကျောင်းမျက်နှာကို ခြေထောက်ဖြင့် ကန်ထုတ်ပြီး ပြန်လွတ်လာကြောင်း ၎င်းက ပြောသည်။

မိကျောင်းက ရေထဲမှ ရုတ်တရက် ပေါ်လာပြီး ဘယ်ခြေထောက်ကို ကိုက်ဆွဲသဖြင့် ရေထဲမြုပ်သွားပြီး ရေလယ်ဘက်သို့ဆွဲသွားရာ မိမိကပိုက်ကိုဆွဲထားကြောင်း၊ အတူငါးထောင်သည့် ဖခင်ဖြစ်သူက ပိုက်ကိုကူဆွဲရာ မိမိက မိကျောင်းမျက်နှာကို ခြေထောက်ဖြင့်ကန်ထုတ်၍ ပြန်လွတ်လာခြင်းဖြစ်ကြောင်း မိကျောင်းဆွဲခံရသူ ဦးနေမိုးအောင်က ပြောသည်။

မိကျောင်းအဆွဲခံရသဖြင့် ဦးနေမိုးအောင်၏ ဘယ်ဘက်ခြေသူကြွယ်နှင့် ခြေသန်း ပါသွားခဲ့သည်။ ဘိုကလေးမြို့နယ် ဆတ်ကျွန်းရွာတွင် မကြာခဏ မိကျောင်းကိုက်ခံရလေ့ရှိပြီး ၂၀၁၆/၂၀၁၇ ခုနှစ်အတွင်း မိကျောင်းဆွဲခံရသဖြင့် သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့ပြီး ယခုနှစ်တွင် မိကျောင်းကိုက်ခံရပြီး ဒဏ်ရာရရှိသူ ၃ ဦးရှိကြောင်း အဆိုပါ ရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဦးနေမိုးအောင် မိကျောင်း အဆွဲခံရသည့်နေရာသည် ကန့်သတ်နယ်မြေ ဟုတ်၊ မဟုတ် သားရဲ/ကျေးငှက်ဦးစီးဌာနကို အတည်ပြုချက် တောင်းထားကြောင်း ဘိုကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။

R-12