News

POST TYPE

NEWS

စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌ၏ ဖေ့စ်ဘွတ်ခ်အကောင့် အဟက်ခံရ
08-Nov-2018


ကလေး၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးသန်း၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အကောင့် အဟက်ခံရရ၍ စုံစမ်းစစ်ဆေးကာ အရေးယူမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောကြားသည်။

၎င်း၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အသုံးပြုသော Umg Than အမည်ဖြင့် ဖွင့်လှစ်ထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်သည် နိုဝင်ဘာလ ၆ ရက်တွင် အဟက်ခံခဲ့ရခြင်းဖြစ်ပြီး ပရိုဖိုင်းပုံကို အမျိုးသမီးတစ်ဦး၏ပုံအဖြစ် ပြောင်းလဲထားခြင်းခံခဲ့ရသည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက “လောလောဆယ် အကောင့်ကိုပိတ်လိုက်ပြီ။ ပိတ်ပြီးတော့ ဘယ်သူလုပ်လဲဆိုတာကိုတော့ ဆက်ပြီးမှ စုံစမ်းရဦးမှာပေါ့။ တစ်ယောက်ယောက်ပေါ့လေ ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်တယ်လို့ပဲ ယူဆတယ်”ဟု ပြောဆိုသည်။

ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေနှင့် တိုင်းအစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်အချို့၏ ဖေ့စ်ဘွတ်ခ်အကောင့်များ အဟက်ခံခဲ့ရပြီး အဟက်ခံရသည့်အကောင့်များမှ ငွေချေးခြင်း ဖုန်းဘေလ်များ ဖြည့်ခိုင်းခြင်းစသည့် ဂုဏ်သိက္ခာ ညိုးနွမ်းစေမည့်ကိစ္စများကိုကြုံတွေ့ခဲ့ရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးမှ ဦးစီးအရာရှိ ဦးထက်ဦးမောင်က “ဥက္ကဋ္ဌကြီး နယ်မြေကွင်းဆင်းပြီး ဒေသခံတွေနဲ့ တွေ့နေတယ်။ သူ ပြန်လာလို့ရှိရင်တော့ ဆိုက်ဘာစီးတီးပေါ့။ အဲဒီကို ဟက်ကာကို ဖော်ထုတ်ပေးဖို့တင်မယ်။ သူတို့ဘက်က ဟက်ကာကို ဖော်ထုတ်ပေးနိုင်မယ်ဆိုရင် ဟက်ကာကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်”ဟု ပြောဆိုသည်။

R-20