News

POST TYPE

NEWS

ပခုက္ကူတွင် တရားမဝင် ရေနံချက်ဖို ၃ ခုဖမ်းမိ
08-Nov-2018

မကွေး၊ နိုဝင်ဘာ ၈

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေနယ်မြေရဲစခန်းအပိုင်ရှိ တရားမဝင် လုပ်ကိုင်နေသည့် ရေနံချက်ဖို ၃ ခုကို ဖမ်းမိခဲ့ကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ထန်းခြောက်ပင်ရွာအနီးရှိ တရားမဝင် ရေနံချက်ဖိုများကို သွားရောက်ဖမ်းဆီးခဲ့ရာ မင်းဇော် (ဖ) ဦးတင်မြအား ရေနံချက်လုပ်ရာတွင် အသုံးပြုသည့် (၅)ပေပါဆန့် ချက်လက်စ ရေနံချက်သံကန် ၁ ခု၊ ရေနံချက်ဆီထည့်သည့် သံပေပါခွံ ၇ လုံးနှင့် ဆက်စပ်ပစ္စည်းဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ခိုင်မျိုးထွန်း (ဖ) ဦးမြင့်ဝင်းထံမှလည်း ရေနံချက်လုပ်ရာတွင် အသုံးပြုသည့် (၅) ပေပါဆန့် ချက်လက်စ ရေနံချက်သံကန် ၂ ခု၊ ရေနံချက်ဆီအပြည့်ပါသည့် သံပေပါ (၃၂)လုံး၊ ရေနံချေးအပြည့်ပါသည့် ပေပါ ၆လုံးနှင့် ဆက်စပ်ပစ္စည်းဖမ်းဆီးရမိခဲ့သည်။

မသင်းသင်းအေး (ဖ) ဦးဟန်ညွန့်ထံမှလည်း ရေနံချက်လုပ်ရာတွင် အသုံးပြုသည့် (၅) ပေပါဆန့်ချက်လက်စ ရေနံချက်သံကန် ၁ခု၊ ချက်ဒီဇယ်ထည့်ရာတွင်အသုံးပြုသည့် သံပေပါခွံ (၄၀) လုံးနှင့် ဆက်စပ်ပစ္စည်းဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း တန်ဖိုးငွေကျပ် ၄,၄၃၈,၀ဝ၀ ရှိကြောင်း တိုင်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုသို့ဖမ်းဆီးရမိခဲ့သူ ၃ ဦးကို ပခုက္ကူ မြို့နယ်၊ မြစ်ခြေနယ်မြေစခန်းတွင် (ပ) ၃၅၊ (ပ) ၃၆၊ (ပ) ၃၇။ ၂၀၁၈၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ အမှုဖွင့်ကာ ဖမ်းဆီးထားပြီး တရားစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်းကလည်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်များမှ တရားမဝင် ရေနံချက်ဖို ၈၈ ခုကိုဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်ခဲ့ကြောင်း မြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တိုင်းအစိုးရအဖွဲ့မှ မကွေးတိုင်းအတွင်းရှိ တရားမဝင် ရေနံချက်ဖိုများကို အသေးစား ရေနံချက်စက်ရုံများအဖြစ် လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေသော်လည်း ရေနံချက်ဖိုလုပ်ငန်းလုပ်ကိုင်သူများမှာမူ ရေနံချက်ဖိုထောင်ရန် ငွေကြေးမတတ်နိုင်ဘဲ ယင်းသို့လုပ်ဆောင်ခြင်းမှာ ငွေကြေးတတ်နိုင်သူများအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ယင်းရေနံချက်ဖိုလုပ်ကိုင်သူများက ဆိုသည်။

R-23