News

POST TYPE

NEWS

ဘီလ်ဂိတ်စ်က ပြန်လည် တီထွင်ထားသော အိမ်သာနည်းပညာသစ်ကိုပြသ
08-Nov-2018


ဘေဂျင်း၊ နိုဝင်ဘာ ၇

မိုက်ကရိုဆော့ဖ် တည်ထောင်သူ ပရဟိတသမား ဘီလီယံနာဘီလ်ဂိတ်စ်က ရေအိမ် ခေါ် အိမ်သာပြန်လည်တီထွင်မှု နည်းပညာကို အင်္ဂါနေ့က ဘေဂျင်းတွင် ပြသလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဘီလ်နှင့် မီလန်ဒါဂိတ်စ် ဖောင်ဒေးရှင်းသည် အဆိုပါကဏ္ဍ တိုးတက်ရေးအတွက် ပြီးခဲ့သော ၇ နှစ်အတွင်း ဒေါ်လာသန်း ၂၀၀ ကျော် သုံးစွဲခဲ့သည်။

ပြသထားသော နောက်ဆုံးပေါ် နည်းပညာထုတ်ကုန် ၂၀ သည် အန္တရာယ်ရှိသော ဗက်တီးရီးယားများကို ဖျက်ဆီးကာ ရောဂါကူးစက်မှုကို တားဆီးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အမှာစကား ပြောကြားသော ဘီလ်ဂိတ်စ်က “ကျွန်တော် ဟောဒီ မစင်တွေအကြောင်းကို အများကြီး သိလာလိမ့်မယ်လို့ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က မထင်ခဲ့မိဘူး။ ပြီးတော့ ထမင်းစားပွဲမှာ အိမ်သာတွေ၊ မစင်တွေအကြောင်း ပြောတာရပ်ဖို့ မီလန်ဒါက ပြောလာလိမ့်မယ်လို့ တကယ်ကို မတွေးမိခဲ့ဘူး”ဟု အရွှန်းဖောက်ပြောဆိုခဲ့သည်။

သမ္မတရှီကျင့်ဖျင်က အိမ်သာ ပြုပြင်ပြောင်းလဲရေး တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေသော တရုတ်နိုင်ငံတွင် ဘီလ်ဂိတ်စ်က သုံးရက်ကြာပြပွဲကို လာရောက် ခင်းကျင်းခဲ့သည်။

ပြသထားသော ထုတ်ကုန်များသည် လူတို့စွန့်ထုတ်လိုက်သော မစင်ကို အရည်နှင့်အဖတ် ခွဲထုတ်ကာ ဘေးဖြစ်စေသော ပိုးမွှားများကို ဖယ်ရှားပစ်ခြင်းဖြင့် မိလ္လာစနစ်ကို ဆန်းသစ်ရန် ရည်ရွယ်ထားသည်။

“ရေအိမ်နဲ့ မိလ္လာစနစ်ကို ပြန်လည် တီထွင်နိုင်မှာလား ဆိုတာကို မေးစရာမလိုတော့ဘူး။ ဒီနည်းပညာအသစ်တွေကို ဘယ်လောက်မြန်မြန် အသုံးပြုနိုင်မလဲဆိုတာကိုပဲ မေးစရာရှိတယ်”ဟု ဘီလ်ဂိတ်စ်က ပြောကြားသည်။

အဆိုပါ ထုတ်ကုန်အသစ်များသည် နှစ်ပေါင်း ၂၀၀ အတွင်း အတိုးတက်ဆုံး မိလ္လာစနစ်ဖြစ်သည်ဟု ဘီလ်ဂိတ်စ်ကဆိုသည်။

မိုက်ခရိုဆော့ဖ်သူဌေးကြီးက ၎င်းအနီးတွင် ချထားသော မစင်ဖန်ချိုင့်သည် rotavirus ၂၀၀ ထရီလီယံ၊ shigella ဗက်တီးရီးယား ၂၀ ဘီလီယံနှင့် သန်ကောင် ဥပေါင်း ၁၀၀,ဝ၀၀ ခန့် ပါဝင်နိုင်သည်ဟု ရှင်းပြသည်။

WHO အဆိုအရ ကမ္ဘာပေါ်ရှိ လူပေါင်း ၂ ဒသမ ၃ ဘီလီယံခန့်သည် အခြေခံမိလ္လာစနစ်ကိုပင် သုံးစွဲနိုင်ခြင်းမရှိသေးဟု သိရှိရသည်။ ထိုအခြေအနေသည် နှစ်စဉ် လူထောင်ပေါင်း များစွာကို သေဆုံးစေသော ကာလဝမ်းရောဂါ၊ ဝမ်းပျက်နှင့် ဝမ်းကိုက်ရောဂါတို့ကို ဖြစ်ပွားစေသည်။

“ချမ်းသာတဲ့နိုင်ငံတွေမှာ အိမ်သာတက်ရင် ရေဆွဲချမယ်၊ ရေဆိုးတွေ ထွက်သွားမယ်။ စီမံထားတဲ့ မိလ္လာကန်တွေ၊ ပိုက်တွေထဲကိုရောက်မယ်။ နွမ်းပါးတဲ့နေရာတွေမှာတော့ မိလ္လာကန်စနစ်တွေ မဆောက်နိုင်ကြဘူး။ ဆောက်နိုင်ဖို့လည်း လမ်းမမြင်ဘူး။ ဒီတော့ မိလ္လာကန်စနစ်မရှိဘဲ လူ့အညစ်အကြေးတွေကို ဖြေရှင်းနိုင်မလားလို့ မေးစရာရှိတယ်”ဟု ဘီလ်ဂိတ်စ်က ပြောကြားသည်။

စနစ်သစ်ကိုနေအိမ်များတွင် သုံးစွဲနိုင်စေရန် ဈေးနှုန်းမချနိုင်မီ စာသင်ကျောင်းများနှင့် တိုက်ခန်းအိမ်ရာများသို့ စတင်ဖြန့်ဖြူးမည်ဖြစ်သည်။

“အိမ်သာတစ်လုံးအတွက် ခင်ဗျား ဒေါ်လာ ၅၀၀ လောက်ပဲ ကုန်ကျမှာပါ။ ဒါပေမဲ့ ရေဖိုးတွေ၊ ပိုက်ဖိုးကန်ဖိုးတွေ သက်သာသွားမယ်”ဟု ဘီလ်ဂိတ်စ်က BBC သို့ ပြောကြားသည်။

F-04