News

POST TYPE

NEWS

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွင် အောက်လွှတ်တော်ကို ဒီမိုကရက်တို့ ပြန်လည်ရယူ၊ ရီပတ်ဘလစ်ကန်တို့ ဆီးနိတ်ကို ဆက်လက်ထိန်းချုပ်
08-Nov-2018


ဝါရှင်တန်၊ နိုဝင်ဘာ ၇ 

အမေရိကန်ပြည်ထောင်စုတွင် သက်တမ်းဝက်ရွေးကောက်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ရာ ရလဒ်များအရ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ သမ္မတထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီသည် ဆီးနိတ်လွှတ်တော်ကို ဆက်လက် ထိန်းသိမ်းထားနိုင်သော်လည်း ဒီမိုကရက်တို့ အောက်လွှတ်တော်တွင် အနိုင်ရရှိလိုက်ခြင်းက ထရမ့်အုပ်ချုပ်ရေးအဖွဲ့အတွက် ကြီးမားသော စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ကွန်ဂရက်အောက်လွှတ်တော်ကို ရှစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်အနိုင်ရယူလိုက်ခြင်းကြောင့် ဒီမိုကရက်တို့အနေနှင့် သမ္မတထရမ့်၏ နိုင်ငံရေးအာဂျင်ဒါများကို ကဖျက် ယဖျက် လုပ်နိုင်တော့မည်ဖြစ်သည်။ 

သို့သော် ထရမ့်၏ ရီပတ်ဘလီကန်များက ဆီးနိတ်တွင် ပိုမိုအားကောင်းလာအောင် ချုပ်ကိုင်ထားနိုင်ဆဲဖြစ်ရာ လွှတ်တော်နိုင်ငံရေးတွင် ကြီးမားသည့် ကွဲပြားမှုကြီး ပေါ်ပေါက်လာမည်ဖြစ်သည်။ 

လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထရမ့်အနေနှင့် ထပ်မံရွေးချယ်ခံရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ယခုအမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲရလဒ်ကို ကြည့်မည်ဆိုပါက သမ္မတထရမ့်နှင့်ပတ်သက်၍ အမေရိကန်တို့၏ သဘောထားမှာ ကြီးမားစွာ ကွဲပြားနေသည်ဟူသောအချက်ကို တွေ့မြင်နိုင်သည်။ 

အောက်လွှတ်တော်တွင် အရေးနိမ့်သွားသော်လည်း ဆီးနိတ်အတွက် အနိုင်ရရှိမှုကြောင့် သမ္မတထရမ့်က အမေရိကန် နှစ်ဝက်ရွေးကောက်ပွဲကို ဧရာမအောင်ပွဲကြီး တစ်ရပ်အဖြစ် ချီးမွမ်းပြောဆိုသည်။ 

“ဒီညတော့ ကြီးမားတဲ့အောင်မြင်မှုကြီး ရတာပါ။ ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ထရမ့်က Twitter မှတစ်ဆင့် ပြောကြားသည်။ 

အောက်လွှတ်တော် ဥက္ကဋ္ဌရာထူးနေရာကို မကြာမီရယူတော့မည့် ဒီမိုကရက်တစ် ခေါင်းဆောင်တစ်ဦးဖြစ်သူ နန်စီပလိုစီက “ကျေးဇူးတင်ပါတယ်၊ မနက်ဖြန်ဆိုရင် အမေရိကရဲ့နေ့သစ်တစ်နေ့ကို စတင်တော့မှာပါ”ဟု ဒီမိုကရက်တစ်ပါတီအား ထောက်ခံသူများကို ပြောကြားသည်။ 

ထို့ပြင် သမ္မတထရမ့် အုပ်ချုပ်ရေးအဖွဲ့ကို အပြန်အလှန် ထိန်းကျောင်းမှုသစ်များဖြင့် ထိန်းချုပ်သွားမည်ဟုလည်း ၎င်းက ကတိကဝတ်ပြု ပြောကြားသည်။ 

အောက်လွှတ်တော်တွင် ဒီမိုကရက်များ အသာစီးရရှိလိုက်ခြင်းကြောင့် ၎င်းတို့အနေနှင့် ထရမ့်အုပ်ချုပ်ရေးအဖွဲ့ (အမေရိကန်အစိုးရ)နှင့် နိုင်ငံစီးပွားရေးလုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ 

ထို့ပြင် ရီပတ်ဘလစ်ကန်တို့၏ ဥပဒေ ရေးဆွဲရေးဆိုင်ရာ အစီအစဉ်များကို ထိထိရောက်ရောက် ဟန့်တားနိုင်သည့် အနေအထားလည်း ရရှိလာမည်ဖြစ်သည်။ (ဥပမာ - မက္ကဆီကိုနယ်စပ်ဒေသတွင် တံတိုင်းတည်ဆောက်မည့် အရေးကိစ္စမျိုးဖြစ်သည်) 

ယခုသက်တမ်းဝက်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ အသက်အငယ်ဆုံး အမျိုးသမီး ကိုယ်စားလှယ်ဖြစ်သူ အလက်ဇန္ဒရီးယားကော့တက်နှင့် အေဘီဖင်ကန်နူအာတို့မှာ အောက်လွှတ်တော်တွင် အနိုင်ရရှိသွားခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ အသက် ၂၉ နှစ်အရွယ်သာ ရှိသေးသည်။ 

သတင်းဌာနများ ရေးသားဖော်ပြချက်အရ ယခုသက်တမ်းဝက်ရွေးကောက်ပွဲတွင် အမေရိကန်ပြည်သူများက စိတ်ဝင်တစား မဲပေးခဲ့ကြသည်ကိုတွေ့ရကြောင်း၊ နယူးယောက်မှသည် ကယ်လီဖိုးနီးယား၊ မစ္စဇိုရီမှသည် ဂျော်ဂျီယာအထိ မဲရုံများတွင် မဲပေးရန်စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီးကို တွေ့ရကြောင်း ဖော်ပြသည်။

F-01