News

POST TYPE

NEWS

မန္တလေးတက္ကသိုလ်တွင် ငါးထပ်စာသင်ဆောင်သစ်ဆောက်ရန် စီစဉ်
08-Nov-2018


မန္တလေး၊ နိုဝင်ဘာ ၇

မန္တလေးမြို့တော်ရှိ မန္တလေးတက္ကသိုလ်ဝင်းအတွင်း ငါးထပ်စာသင်ဆောင်သစ် ဆောက်လုပ်ရန်စီစဉ်နေကြောင်း အဆိုပါတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက ပြောကြားသည်။

တက္ကသိုလ်အတွင်းရှိသည့် အဆောက်အအုံများသည် နှစ်ပေါင်း ၆၀ ခန့်က ရှိနေပြီဖြစ်၍ ခိုင်ခံ့မှုအားနည်းခြင်း၊ တက္ကသိုလ်၏ ရုပ်ရည်သွင်ပြင်နှင့် မကိုက်ညီခြင်းတို့ကြောင့် အသစ်တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါစာသင်ဆောင်ကို မန္တလေး တက္ကသိုလ်နှင့် ပေ ၁၇၀ အကွာတွင် တည်ဆောက်ရန်ရည်ရွယ်ထားပြီး စာသင်ခန်းများ အပါအဝင် အနားယူအပန်းဖြေနိုင်မည့် နေရာများလည်း ပါဝင်မည်ဖြစ်ကြောင်း အဆောက်အအုံ ဒီဇိုင်းပိုင်းကို အခမဲ့ ကူညီပေးနေသည့် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးဆန်းဦးက ပြောကြားသည်။

“အစိုးရဘတ်ဂျက်ရန်ပုံငွေအနေနဲ့ Lecture Theatre နဲ့ Academic Building ကို တည်ဆောက်မှာပါ။ ကျောင်းသားကျောင်းသူတွေနဲ့ စာသင်ကြားရေးဆိုတာက သူ့ဟာနဲ့သူဆီလျော်ပြီး လွတ်လွတ်လပ်လပ်နဲ့ သာသာယာယာရှိမှ ကျယ်ကျယ်ဝန်း ဝန်းခံစားရမှ စာသင်ရတာ ပိုကောင်းတယ်။ ကျဉ်းကျပ်နေတယ်ဆိုရင် စာသင်ကြားရတာ အဆင်မပြေနိုင်ဘူး”ဟု ၎င်းကရှင်းပြသည်။

အဆိုပါ စာသင်ဆောင်အတွက် ကျပ်သိန်းငါးသောင်းကျော် အသုံးပြုရန်လျာထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်သိန်းတစ်သောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ်သိန်း တစ်သောင်းရရှိမည်ဖြစ်ကြောင်း၊ အဆောက်အအုံဒီဇိုင်းကို ပုံစံထုတ်ပြီးမှသာ ခန့်မှန်း ကုန်ကျစရိတ် တွက်ချက်နိုင်မည်ဖြစ်ကာ ပညာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်း အစိုးရအဖွဲ့တို့က တင်ဒါခေါ်ယူခြင်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါစာသင်ဆောင်ဆောက်လုပ်ရန် မြန်မာနိုင်ငံဗိသုကာပညာရှင်အသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ 

M-07