News

POST TYPE

NEWS

ကုလသမဂ္ဂကလေးသူငယ်များနေ့ အခမ်းအနား မန္တလေးတွင်ကျင်းပမည်
08-Nov-2018

မန္တလေး၊ နိုဝင်ဘာ ၇

ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကမ္ဘာ့ကလေးငယ်များအခွင့်အရေးလေးရပ် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် မန္တလေးမြို့ရှိ မနော်ရမ္မံအားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

“မြန်မာပြည်သူလူထုအနေနဲ့ ကလေးသူငယ် အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ ဒီလိုလုပ်တာပါ။ ဒါမှ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို ပိုမိုပြီးသိရှိပြီး ဖြည့်ဆည်းပေးနိုင်မှာပါ”ဟု ယင်းဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက ပြောကြားသည်။

ကလေးသူငယ်အခွင့်အရေး ကုလသမဂ္ဂသဘောတူစာချုပ် (Child Right Convention-CRC) ချုပ်ဆိုခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကုလသမဂ္ဂ ကလေးသူငယ်များနေ့အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတကာတွင် အခမ်းအနားများ ကျင်းပခဲ့ကြရာ ယခုနှစ်တွင် ၂၉ ကြိမ်မြောက်ရှိပြီဖြစ်သည်။

အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးငယ် ၈၀၀ ခန့် အပါအဝင် ကလေးငယ် ၂၀၀၀ ကျော် ဆင်နွှဲမည်ဖြစ်ကြောင်း ဦးသက်လှိုင်ထွန်းက ထပ်မံပြောဆိုသည်။ 

အဆိုပါအခမ်းအနားတွင် ကလေးသူငယ်များ အားကစားများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ကလေးမိဘများကိုလည်း ကလေးသူငယ် အခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

ကုလသမဂ္ဂသဘောတူစာချုပ်အရ မွေးကင်းစမှ အသက် ၁၈ နှစ်အကြားရှိသူတိုင်းကို ကလေးသူငယ်အဖြစ်သတ်မှတ်ပြီး ၎င်းတို့၏အဓိကအခွင့်အရေးကို အသက်ရှင်သန်ခွင့်၊ ကောင်းစွာဖွံ့ဖြိုးကြီးထွားခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုရရှိခွင့်တို့အဖြစ် သတ်မှတ်ထားသည်။

M-04