News

POST TYPE

NEWS

ချောင်းဆုံတွင် ရဟန္တာ ငါးရာရုပ်ပွားတော်များ ဖျက်ဆီးခံရ
08-Nov-2018


မော်လမြိုင်၊ နိုဝင်ဘာ ၇

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ စိန်မြတောင်တောင်ပေါ် ဘုရားရှိ ရဟန္တာငါးရာရုပ်ပွားတော် ၄၃ ဆူနှင့် ထိုင်တော်မူဘုရားရုပ်ပွားတော် ၄ ဆူတို့ ဖျက်ဆီးခံခဲ့ရကြောင်း ရွာလွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။

“ကျောင်းဒါယကာတွေ နိုဝင်ဘာလ ၆ ရက်နေ့မနက်မှာ ဘုရားသန့်ရှင်းရေး လုပ်တဲ့အချိန်မှာတွေ့တာ”ဟု ၎င်းက ပြောဆိုသည်။

ရဟန္တာငါးရာ ရုပ်ပွားတော်နှင့် ဘုရားရုပ်ပွားတော်များ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ချောင်းဆုံမြို့နယ် ရဲတပ်ဖွဲ့တို့ လာရောက်စစ်ဆေးခဲ့ကြောင်း၊ ရပ်တော်မူ ရုပ်ပွားတော်များ၏လက်များကို ဖျက်ဆီးထားပြီး ထိုင်တော်မူဘုရားရုပ်ပွားတော်များမှာ ဦးခေါင်းပြတ်နေသည့် အနေအထားများကို တွေ့ရကြောင်း ဦးဇော်ဇော်က ရှင်းပြသည်။

“ဆရာတော်ကတော့ အမှုမဖွင့်ဖို့ ပြောထားတယ်၊ ဆရာတော်က ခွင့်လွှတ်လိုက်ပါဆိုလို့ အမှုမဖွင့်တော့ဘူး၊ ဒါပေမဲ့ လုံခြုံရေးကိုတော့ ပိုချထားတယ်၊ ရွာနှစ်ရွာပေါင်းပြီး လုံခြုံရေးယူထားတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရုပ်ပွားတော်များ ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ နိုဝင်ဘာလ ၆ ရက်နေ့ ညကစ၍ ရွာလွတ်ရွာမှ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့၊ ရွာလွတ်ရွာရဲကင်းမှ ရဲတပ်သား၊ ချောင်းဆုံ နယ်ထိန်းနှင့် ရပ်မိရပ်ဖတို့ ပူးပေါင်း၍ အင်အား ၄၀ ဝန်းကျင်ဖြင့် လုံခြုံရေးယူထားကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်းကလည်း ဘုရားဖူးများ နားနေဇရပ် ဖျက်ဆီးခံခဲ့ရဖူးကြောင်း ကျေးရွာဒေသခံအချို့ထံမှ သိရသည်။

ပျက်စီးသွားသည့် ရဟန္တာငါးရာ ရုပ်ပွားတော်များနှင့် ဘုရားရုပ်ပွားတော်များကို ကျောင်းထိုင်ဆရာတော်က ပြန်လည်ပြုပြင်ရန် စီစဉ်နေပြီဖြစ်သည်။

R-21