News

POST TYPE

NEWS

စက်သုံးဆီ ဈေးကျ
07-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၇

စံချိန်တင်မြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းများသည် အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ ပထမပတ်အထိ သုံးပတ်တာကာလအတွင်း စက်သုံးဆီတစ်လီတာလျှင် ၂၅ ကျပ်မှ ၆၅ ကျပ်အထိ ပြန်လည်ကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ကျဆင်းသော်လည်း စက်သုံးဆီဈေးမှာ အမြင့်ဈေးတွင်သာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ပြည်ပဈေး ဆက်ကျသည့်အတွက် ပြည်တွင်းဈေးနှုန်းများ သုံးပတ်ဆက်တိုက် ကျဆင်းလာခြင်းဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ပြည်ပဈေးမှာ သုံးပတ်အတွင်း အောက်တိန်း ၉၂ နှင့် ၉၅ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာကျော် ကျဆင်းရာတွင် ပြည်တွင်းဈေးမှာ အောက်တိန်း ၉၂ နှင့် ၉၅ တစ်လီတာလျှင် ၅၀ မှ ၆၅ ကျပ်ကျဆင်းကြောင်း၊ ပြည်ပဈေး ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀ မှ ၁၁ ဒေါ်လာခန့် ကျဆင်းရာတွင် ပြည်တွင်းဈေးမှာ တစ်လီတာလျှင် ၂၅ မှ ၃၀ ကျပ်သာ ကျဆင်းကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ပြည်ပဈေးကျဆင်းချိန်၌ ဒေါ်လာဈေးပါ ကျဆင်းမည်ဆိုပါက ယခုထက် ဈေးပိုမိုကျဆင်းမည်ဖြစ်သော်လည်း ဒေါ်လာဈေးမကျ၍ ယခုကဲ့သို့ ဈေးအနည်းငယ်သာ ကျဆင်းခြင်းဖြစ်ကြောင်း၊ ပြည်ပ စက်သုံးဆီဈေးနှင့် ဒေါ်လာဈေး ဆက်လက် ကျဆင်းမည်ဆိုပါက စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိစက်သုံးဆီဈေးကွက်အတွင်း ဒီဇယ်တစ်လီတာလျှင် ၁၀၇၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၁၀၇၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၀ဝ၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၀၆၅ ကျပ်ဈေးရှိပြီး ပြည်ပဈေးမှာ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၄ ကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၆ ကျော်၊ ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၉ ကျော်နှင့် အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၉ ကျော်ဈေးရှိကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

S-04