News

POST TYPE

NEWS

တနင်္သာရီတိုင်းရှိ ပြဿနာများ စိစစ်ပေးရန် သမ္မတထံတင်ပြ
06-Nov-2018
ထားဝယ်၊ နိုဝင်ဘာ ၅

လောင်းလုံးမြို့နယ်ရှိ ငွေစုကိစ္စနှင့် မြိတ်အနံ့ဆိုးကိစ္စ အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ လူအများ စိတ်ဝင်စားသည့် ပြဿနာများကို စိစစ်ပေးရန် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံသို့ တိုင်းဒေသကြီး တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ အောက်တိုဘာလ ၃၁ ရက်က အစီရင်ခံစာ ပေးပို့ခဲ့သည်။

အဆိုပါအဖွဲ့သည် တနင်္သာရီတိုင်းအတွင်း ဒေသလိုအပ်ချက်များ၊ ဌာနအချင်းချင်းဖြစ်နေသည့် ပဋိပက္ခများ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ မူဝါဒများအား မလိုက်နာမှုများ စသည့် ကိစ္စရပ်များနှင့် ပတ်သက်သည့် အစီရင်ခံစာကို လစဉ် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ လိပ်မူပြီး နိုင်ငံတော်သမ္မတအား မိတ္တူပေးပို့လျက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလအတွက် ပေးပို့သည့် အစီရင်ခံစာတွင် လောင်းလုံးငွေစုကိစ္စ၊ မြိတ် အနံ့ဆိုးကိစ္စ၊ မြိတ်ငါးလေလံဈေးကိစ္စနှင့် ကော့သောင်းရှိ ဗျူးပွိုင့်မြေနေရာကိစ္စ စသည်တို့ကို ပြည်ထောင်စုအဆင့်မှ ပြန်လည် စိစစ်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ်ရှိ တရားမဝင် ငွေစုအမှုများတွင် ၂၀၁၃ ခုနှစ်မှစပြီး ဖြစ်ပွားခဲ့သည့် အလားတူအမှုပေါင်း ၃၀ ကျော်ကို ပြန်လည်စိစစ်ပေးရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်နိုင်ဦးက ပြောသည်။

မြိတ်မြို့အနံ့ဆိုးကိစ္စသည်လည်း စက်ရုံများကို အကြိမ်ကြိမ် အခါခါ သွားရောက်ညှိနှိုင်းခဲ့ပြီးသည့်အပြင် တိုင်းအစိုးရထံသို့လည်း ပြည်သူလူထုကသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကသော်လည်းကောင်း၊ အရပ်ဘက်အဖွဲ့အစည်းများကသော်လည်းကောင်း အကြိမ်ကြိမ် တင်ပြခဲ့ဖူးသော်လည်း အရေးယူမှု အားနည်းသည့်အတွက် ပြည်ထောင်စုအဆင့်သို့ တင်ပြရခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

မြိတ်ငါးလေလံဈေးကိစ္စကိုမူ အထူး ခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေးသင့်သည်ဟု တင်ပြထားကြောင်း ၎င်းကဆိုသည်။

“ဒါက နိုင်ငံတော်ရဲ့ စီးပွားရေး၊ တစ်ဖက်မှာလည်း နိုင်ငံတော်က ၃၀ ရာခိုင်နှုန်းပါထားတဲ့ကိစ္စ၊ နိုင်ငံတော်လည်း အခွန်ရအောင်၊ တရားမဝင် ငါးဖမ်းမှုတွေလည်းပဲ အထိုက်အလျောက် ထိန်းချုပ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပြထားတာပါ”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

၎င်းအပြင် ကော့သောင်းမြို့ရှိ ဗျူး ပွိုင့်မြေနေရာကိစ္စသည်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ လုပ်ဆောင်ထားသည်ကို တွေ့ရှိရသဖြင့် စိစစ်အရေး ယူသင့်သည်ဟု တင်ပြထားကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

ယင်းမြေနေရာသည် ဆိပ်ကမ်းအာဏာပိုင်မြေဖြစ်ပြီး ဆိပ်ကမ်းအာဏာပိုင်က ကန့်ကွက်ထားသော်လည်း မြေစာရင်းဌာနမှ ပုံစံ၇ ထုတ်ပေးထားခြင်း၊ မြေကို အရောင်းအဝယ်ပြုလုပ်ခဲ့သူ၏ လက်မှတ်မှာ ပုံစံ ၁ ထုတ်ယူချိန်နှင့် အရောင်းအဝယ်ပြုလုပ်ချိန်နှင့် မတူဘဲဖြစ်နေခြင်း၊ ပုံစံ ၁၀၅ ထက် ပုံစံ ၇ က ဦးစွာရရှိနေခြင်း စသဖြင့်တွေ့ရှိရကြောင်း ၎င်းကဆိုသည်။

လောင်းလုံးငွေစုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်သို့ သုံးသပ်တင်ပြခြင်းကိုကြိုဆိုကြောင်း လောင်းလုံးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ပြောသည်။

“တရားရေးကလည်း လူ့အဖွဲ့အစည်းအတွက် ယုံကြည်မှုကျဆင်းနေတာကို တွေ့ရတယ်။ အဲဒါကို အဖွဲ့အစည်းပေါင်းစုံက သုံးသပ်တင်ပြတာကို ကြိုဆိုရမယ်”ဟု ဦးဗိုလ်ထွေးကဆိုသည်။

ပြည်ထောင်စုသို့ တင်ပြသည့် အထက်ပါပြဿနာ လေးရပ်အနက် မြိတ်အနံ့ဆိုးကိစ္စသည်လည်း မြိတ်မြို့ခံများအကြား ဝေဖန်မှုအများဆုံး ပြဿနာဖြစ်သည်။

“အခုလို တင်ပြတာကို အားပေးတယ်။ အားရတယ်။ ဖြစ်သင့်နေတာက ကြာပြီ”ဟု မြိတ်မြို့၊ မြို့သစ် ၄ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေး ဌာနနှင့် တရားမျှတမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို ၂၀၁၇ ခုနှစ် မေလက စတင်ဖွဲ့စည်းခဲ့သည်။

Dawei Watch