News

POST TYPE

NEWS

သုံးနှစ်ကျော် လုပ်ခလစာမရ၍ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြား
06-Nov-2018
ပုသိမ်၊ နိုဝင်ဘာ ၅

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဆည်မြောင်းဦးစီးဌာန ဒေါဝါးရေတံခါးစောင့် ဦးကျော်လွင်သည် ၃ နှစ်ကျော် (လ ၄၀) အထိ ၎င်း၏ လုပ်ခလစာ မရသေးသည့်အတွက် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ထံသို့ တိုင်ကြားထား ကြောင်း ၎င်းက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆည်မြောင်းဌာနမှ တာဝန်ရှိသူ အထက်အရာရှိက အဆိုပါတိုင်ကြားသူ ဦးကျော်လွင်နှင့် ၎င်း၏ဖခင် ဦးကျော်အောင်တို့ကို အကွက်ဆင် တရားစွဲဆိုထားသည်ဆိုကာ အောက်တိုဘာ ၂၈ ရက်နေ့က နိုင်ငံတော်သမ္မတ ပုသိမ်ခရီးစဉ်တွင် တိုင်ကြားစာ ပေးပို့တိုင်ကြားခဲ့ကြောင်း ဦးကျော်လွင်ကဆိုသည်။

“လစာက ၂၀၁၄ စက်တင်ဘာလကတည်းက မပေးတော့လို့ ၂၀၁၇ ဖေဖော်ဝါရီလမှာ သက်ဆိုင်ရာဌာနနဲ့ တိုင်းအစိုးရ တိုင်းလွှတ်တော်ကို တိုင်ပါတယ်၊ လစာမရတဲ့အပြင် သူတို့ညှိနှိုင်းပေးတဲ့ငွေ ၁၆ သိန်းကိုမယူလို့ သားအဖ ၂ ဦးစလုံး အကွက်ဆင် တရားစွဲခံနေရပါတယ်၊ တရားမျှတမှုအတွက် နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အကူအညီတောင်းရတာပါ”ဟု ၎င်းကဆိုသည်။

လစာမပေးဟု တိုင်ကြားခံရသည့် ဆည်မြောင်း ဒုဦးစီးဦးဝင်းနိုင်ဦး၏ အထက်အရာရှိနှစ်ဦးတို့က ငွေကျပ် ၁၆ သိန်းကိုညှိနှိုင်း၍ အတင်းအဓမ္မပေးပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်တို့ကို မတိုင်ကြားကြောင်း၊ ဝန်ခံလက်မှတ်ထိုးခိုင်းကြောင်း၊ ၎င်းတို့ ပြောသည်ကိုမလိုက်နာဘဲ ပေးသည့်ငွေကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ သက်သေအဖြစ် အပ်နှံခဲ့ကြောင်း ဦးကျော်လွင်က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆည်မြောင်းဦးစီးဌာန ဒုဦးစီးမှူး ဦးဝင်းနိုင်ဦးထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

ဦးကျော်လွင်သည် ၂၀၁၀ ပြည့်နှစ်မှစတင်၍ ပန်းတနော်မြို့နယ် ဆည်မြောင်းဦးစီးဌာန ဒေါဝါးရေတံခါးစောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ယင်းကိစ္စကို စစ်ဆေးခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း ဦးကျော်လွင်၏ဖခင် ဦးကျော်အောင်က ပြောကြားသည်။

R-12