News

POST TYPE

NEWS

လှိုင်သာယာတွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်
05-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၅

လှိုင်သာယာမြို့နယ်၊ (၁၀)ရပ်ကွက်၊ နတ်မောက် လမ်းထိပ်တွင် ယမန့်နေ့ ည ၉ နာရီကျော် ဆိုက်ကားနှင်းသူ အမျိုးသားနှစ်ဦးကို အမည်မသိ လူတစ်စုက ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးခဲ့သူ အနှေးယာဉ်နင်း ဦးတင်လတ်နှင့် ဦးမျိုးမင်းထွန်းတို့မှာ နိုဝင်ဘာလ ၄ ရက် ည ၉ နာရီခွဲက နတ်မောက်လမ်းထိပ်ရှိ အနှေးယာဉ်ဂိတ်တွင်ရှိနေစဉ် ဆိုင်ကယ်နှစ်စီးပေါ်ပါ အမည်မသိ အမျိုးသားလေးဦးက ဓားများဖြင့် ၎င်းတို့နှစ်ဦးကို ဝိုင်းထိုးခုတ်ခဲ့ကြောင်း ယင်းပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။

“ဆိုင်ကယ်နဲ့ ရောက်လာတဲ့ လူလေးယောက်က ဆိုက်ကားသမား နှစ်ယောက်ကို ဓားတွေနဲ့ဝိုင်းခုတ်ပြီး ထွက်ပြေးသွားတာလို့ ရပ်ကွက်နေသူတွေထံက သိရတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ် ဖမ်းဆီး အရေးယူနိုင်ဖို့ လတ်တလော စုံစမ်း စစ်ဆေးနေဆဲပါ။”ဟု ရဲအရာရှိက ပြောသည်။

ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သူ အသက် ၅၃ နှစ် ဦးတင်လတ်မှာ ယင်းမြို့နယ်ရှိ အတွင်းပဒံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက် ၄၀ နှစ် ဦးမျိုးမင်းထွန်းမှာ ကုလားကြီးစု ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရပြီး အလောင်းများကို အင်းစိန်ဆေးရုံသို့ပို့အပ်၍ အဆိုပါနှစ်လောင်းပြိုင် လူသတ်မှုကို သောင်ကြီး နယ်မြေ ရဲစခန်းမှ (ပ) ၁၁၀၄/ ၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားသည်။

S-03