News

POST TYPE

NEWS

မြစ်ကြီးနားရှိ စစ်ရှောင်အချို့ စခန်းအသစ်သို့ ပြောင်းရွှေ့
26-Oct-2018



မြစ်ကြီးနား၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကဝါးခကျေးရွာရှိ တြီနတီစစ်ရှောင် စခန်းအဟောင်းမှ အိမ်ထောင်စု ၂၀၀ ခန့် သည် ပလနရပ်ကွက် (၁) ပိတောက်မြိုင် ကျေးရွာ စစ်ရှောင်စခန်းအသစ်သို့ အောက်တိုဘာလ ၂၄ ရက်နေ့က ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း ယင်းစစ်ရှောင်များထံမှ သိရသည်။

ယခုနှစ် မေလက တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ရွာပေါင်း ၂၅ ရွာမှ အိမ်ထောင်စု ၁၇၇ စု လူဦးရေ ၈၀၀ ကျော်သည် အဆိုပါတြီနတီ စစ်ရှောင်စခန်းတွင် နေထိုင်ခဲ့ကြသည်။

အဆိုပါစခန်းတွင် ခြောက်လကြာနေထိုင်ခဲ့ပြီး နေရာထိုင်ခင်းကျပ်တည်းမှုနှင့် အဆောက်အအုံအခက်အခဲတို့ကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့နေထိုင်ကြရခြင်း ဖြစ်ကြောင်း ယင်းစစ်ရှောင်ဒေသခံများထံမှ သိရသည်။ 

ယင်းစစ်ရှောင်များအတွက် ICRC (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ) နှင့် ကရုဏာဖောင်ဒေးရှင်းတို့က စစ်ရှောင်မိသားစုတစ်စုလျှင် အခန်းတစ်ခန်းနှုန်းဖြင့် လူနေအဆောင်များ ထမင်းချက်ခန်း၊ လျှပ်စစ်မီး၊ ရေတွင်း၊ ရေချိုးခန်းနှင့် အိမ်သာများ ဆောက်လုပ်လှူဒါန်းပေးခဲ့ကြောင်း တြီနတီစစ်ရှောင်စခန်းထံမှ သိရသည်။

ယခုစစ်ရှောင်စခန်းအသစ်သည် အသင်းတော်ပိုင်မြေနေရာတွင် တည်ဆောက်ထားပြီး ပေ ၅၀ အရှည်၊ အဆောင် ၉ ဆောင်နှင့် စုစုပေါင်းအခန်း ၁၉၀ ခန်း၊ ရေတွင်းတစ်တွင်း၊ အိမ်သာ ၂၈ လုံး၊ ရေချိုးခန်း ၁၀ ခန်းတို့ကို ယခုနှစ်ဇွန်​လအတွင်းက စတင်ဆောက်လုပ်ခဲ့ကာ တစ်မိသားစုလျှင် ဆယ်ပေကိုးပေအကျယ်အခန်း တစ်ခန်းနှင့် ဆယ်ပေခုနစ်ပေအကျယ် မီးဖိုခန်းတစ်ခန်း စုစုပေါင်း ၂ ခန်းဆောက်လုပ်ပေးကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

R-06