News

POST TYPE

NEWS

အိုဘားမားနှင့် ဟီလာရီအပါအဝင် အထင်ကရနိုင်ငံရေးသမားများထံ ပါဆယ်ဗုံးများပေးပို့မှုပေါ်ပေါက်၊ စကားပရမ်းပတာပြောတတ်သည့် ထရမ့်ကို ဒီမိုကရက်တို့ ပြစ်တင်ဝေဖန်
26-Oct-2018



ဝါရှင်တန်၊ အောက်တိုဘာ ၂၅ 

သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့သာမက လက်ရှိသမ္မတနှင့် အခြားအထင်ကရ အမေရိကန်နိုင်ငံရေးသမားကြီးများထံသို့ ပါဆယ်ဗုံးများအထုပ် လိုက်ပေးပို့မှုများ ဗုဒ္ဓဟူးနေ့က ပေါ်ပေါက်ခဲ့ ပြီးနောက် ဒေါ်နယ်ထရမ့်အား အဆိပ်အတောက်ဖြစ်စေမည့် စကားများပရမ်းပတာပြောဆိုနေမှုများ အဆုံးသတ်ရန် ဝေဖန်ရေးဆရာများက ထောက်ပြဝေဖန် လိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဝေဖန်ရေးဆရာများက မီဒီယာများနှင့် ဒီမိုကရက်များအပေါ် သမ္မတဒေါ်နယ်ထရမ့်၏ ပရမ်းပတာထိုးနှက်တိုက်ခိုက်နေမှုများက နိုင်ငံရေး အုတ်အော်သောင်းတင်းမှုများဖြစ်စေရန် လှုံ့ဆော်ပေးနေသကဲ့သို့ရှိကြောင်း ပြောကြားသည်။ 

ဗုဒ္ဓဟူးနေ့က အထင်ကရ ဒီမိုကရက် နိုင်ငံရေးသမားများနှင့် CNN သတင်းဌာနသို့ ပါဆယ်ဗုံးများပေးပို့ခဲ့သည်ကို သက်ဆိုင်ရာ အာဏာပိုင်များက ကြားဖြတ်ဖမ်းမိလိုက်သည်။ သို့သော် ကံကောင်းထောက်မစွာပင် ယင်းပါဆယ်ဗုံး တစ်လုံးတလေမျှ ပေါက်ကွဲခြင်းမရှိသလို ထိခိုက်ဒဏ်ရာရရှိခြင်းလည်း မရှိခဲ့ပေ။

လက်ရှိအနေအထားတွင် မည်သူမည်ဝါတို့က ယင်းပါဆယ်ဗုံးများ ပေးပို့လိုက်ခြင်းဖြစ်သည်ကို FBI က စုံစမ်းဖော်ထုတ်လျက်ရှိဆဲဖြစ်သည်။ 

သမ္မတထရမ့်က နိုင်ငံရေး အုတ်အော်သောင်းတင်းဖြစ်မှုများ အဆုံးသတ်ပြီး ညီညွတ်ကြရန် တိုက်တွန်းသော်လည်း ဒီမိုကရက်တို့နှင့် ဝေဖန်ရေးဆရာတို့က ယင်းနိုင်ငံရေးအုတ်အော်သောင်းတင်း ဖြစ်မှုများသည် သမ္မတထရမ့်ကြောင့်သာ ဖြစ်သည်ဟု ထောက်ပြသည်။ 

င်္FBI ၏ ထုတ်ပြန်ချက်အရ ပါဆယ်ဗုံးအပို့ခံရသူများထဲတွင် သမ္မတဟောင်း အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်အပါအဝင် အဆင့်မြင့် ဒီမိုကရက်နိုင်ငံရေးသမားများနှင့် CNN သတင်းဌာနတို့လည်း ပါဝင်သည်။ 

ပါဆယ်ထုပ်ရှစ်ခုမှာ လက်ခံရရှိမည့် သူများထံသို့ မရောက်ရှိမီ သက်ဆိုင်ရာအာဏာပိုင်များက ကြားဖြတ်ရယူလိုက်နိုင်သည်။ ထိုထဲတွင် ပေးပို့ခံရသူများထဲတွင် အိုဘားမား၏ ရှေ့နေချုပ်ဟောင်း အဲရစ်ဟိုလ်ဒါ၊ ယခင်စီအိုင်အေ ဒါရိုက်တာ ဂျွန်ဘရီမန်းနှင့် ဒီမိုကရက်တစ်ပါတီ၏ စေတနာရှင်ပုဂ္ဂိုလ်ကြီး ဂျော့ဆိုးရော့စ်တို့ ပါဝင်ကြောင်း FBI က ဆိုသည်။ ဂျွန်ဘရီမန်းမှာမူ သမ္မတထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူဖြစ်သည်။ 

“တကယ်လို့ ထရမ့်ကို အဲဒီလိုဝေဖန်တာကြောင့် ကျွန်တော်နဲ့ တခြားသူတွေ ပစ်မှတ်ထားခံရတယ်ဆိုရင် ဒါဟာ အင်မတန် ကံဆိုးမိုးမှောင်ကျစေတဲ့ဖြစ်ရပ်ပါပဲ။ ထရမ့်ကိုယ်တိုင်ကလည်း မကြာခဏဆိုသလို နိုင်ငံရေး အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်တတ်တယ်။ ကျွန်တော်ကတော့ ဒါဟာ အလှည့်အပြောင်းတစ်ခုလို့ထင်မိတယ်”ဟု ဂျွန်ဘရီမန်းက ပြောသည်။ 

ပါဆယ်ထုပ်နှစ်ခုမှာမူ ကာလီဖိုးနီးယားပြည်နယ် ကွန်ဂရက်လွှတ်တော်၏ အမျိုးသမီးအမတ် မက်ဇီဝေါတားစ်ထံသို့ ပေးပို့လိုက်ခြင်းဖြစ်သည်။ 

လက်ရှိအနေအထားတွင် စုံစမ်းစစ်ဆေးရေးမှူးများက သံသယရှိသော ပါဆယ်ထုပ်များကို စုံစမ်းဖော်ထုတ်လျက်ရှိသည်။ အိုဘားမားလက်ထက်က ဒုတိယသမ္မတဖြစ်ခဲ့သူ ဂျိုးဘီဒင်ထံသို့ ပေးပို့သည့် ပါဆယ်ထုပ်များကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟု ဆိုသည်။ 

ပါဆယ်ထုပ် ရှစ်ခုစလုံးကို မည်သူမည်ဝါက ပေးပို့ပါသည်ဟူ၍ ထုတ်ဖော်ကြေညာခြင်းမျိုးလည်း မရှိသေးပေ။ သို့သော် ယင်းသို့ပါဆယ်ဗုံးများဖြင့် ခြိမ်းခြောက်ခံရခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးအကွဲအပြဲ ဖြစ်နေသည့် အနေအထားကို ဘွင်းဘွင်းကြီးဖြစ်အောင် ဖော်ပြလိုက်ရာရောက်သည်။ 

သမ္မတထရမ့်ကတော့ “နိုင်ငံရေးအုတ်အော်သောင်းတင်းဖြစ်အောင် လုပ်ဆောင်မှု ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေဟာ ကျွန်တော်တို့ ဒီမိုကရေစီကို တိုက်ခိုက်ထိုးနှက်တာပဲဖြစ်တယ်။ ဘက်အားလုံးမှာ ရှိနေသူတွေအားလုံး အတူတကွ ငြိမ်ချမ်းမှုနဲ့ သဟဇာတဖြစ်မှု ရှိကြစေချင်တယ်”ဟု ပြောကြားသည်။ 

F-01