News

POST TYPE

NEWS

အမေရိကန်ပြည်ထောင်စု နျူကလီးယားလက်နက်များ တပ်ဆင်ထုတ်လုပ်မည်ဟု ဒေါ်နယ်ထရမ့် ပြောကြား
24-Oct-2018



ဝါရှင်တန်၊ အောက်တိုဘာ ၂၃ 

အမေရိကန်ပြည်ထောင်စုအနေနှင့် ရုရှားနှင့် တရုတ်နိုင်ငံတို့ကို ဖိအားပေးရန် နျူကလီးယားလက်နက်များ တီထွင်ထုတ်လုပ်သွားမည်ဖြစ်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ယမန်နေ့က သတင်းထောက်များနှင့်တွေ့ဆုံရာတွင် သမ္မတထရမ့်က ရုရှားသည် ၁၉၈၇ ခုနှစ် နျူကလီးယားသဘော တူညီချက်စာချုပ်ကို ချိုးဖောက်ခဲ့သည်ဟု ယုံကြည်ကြောင်း ထပ်မံပြောဆိုသည်။ 

ထို့နောက် အမေရိကန်ပြည်ထောင်စုအနေနှင့် နျူကလီးယားလက်နက်တပ်ဆင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အခြားနိုင်ငံများ တာဝန်ယူလိုသည့် စိတ်မဖြစ်ပေါ်လာသေးသရွေ့ လက်နက်တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“အဲဒီထဲမှာ ခင်ဗျားတို့ထည့်ချင်တဲ့နိုင်ငံကို ထည့်လို့ရတယ် တရုတ်ထည့်ချင်ရင် တရုတ်ပါမယ်၊ ရုရှားထည့်ချင်ရင် ရုရှားပါမယ်၊ ဒါဟာ အဲဒီလို နိုင်ငံရေးဂိမ်းကစားချင်တဲ့နိုင်ငံတွေကို သတိပေးလိုက်တဲ့သဘောပါပဲ”ဟု ထရမ့်က ပြောကြားသည်။ 

ဤအတောအတွင်းမှာပင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက်ကယ်ဘိုလ်တန်က ရုရှားနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ နျူကလီးယားသဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်သွားသည့်ကိစ္စနှင့် ပတ်သက်၍ ရုရှားနိုင်ငံက မကျေနပ်ကြောင်းထုတ်ဖော်ပြောဆိုပြီးနောက် မိုက်ကယ်ဘိုလ်တန် မော်စကိုနှင့် ဆွေးနွေးညှိနှိုင်းနေခြင်းဖြစ်သည်။ 

အကယ်၍ အမေရိကန်ပြည်ထောင်စုသာ ယင်းသဘောတူညီချက်မှ အမှန်တကယ် နုတ်ထွက်သည်ဆိုပါက လက်မှတ်ရေးထိုးထားခြင်းမရှိသောနိုင်ငံများအတွက် တုန်လှုပ်ချောက်ချားဖွယ်ကိစ္စတစ်ခုဖြစ်လာ လိမ့်မည်ဟု ရုရှားက သတိပေးသည်။ 

ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူကမူ “ဒီကိစ္စအပေါ် အမေရိကန်ဘက်က ဘာ့ကြောင့် စဉ်းစားဆုံးဖြတ်တယ်ဆိုတဲ့ ဖြေရှင်းချက်ကို ကျွန်တော်တို့ကြားသိချင်ပါတယ်။ အဲဒီသဘောတူညီချက် ပျက်ပြယ်မှုကြောင့် ရုရှားအနေနဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် ဆက်လုပ်ရမှာတွေ ရှိပါတယ်” ဟု ပြောကြားသည်။ 

ယင်းနျူကလီးယားသဘောတူညီချက်စာချုပ်ကို  အမေရိကန်သမ္မတရော်နယ်ရေဂင်နှင့် ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂိုဘာချော့ဗ်တို့က စစ်အေးခေတ်၏ နောက်ဆုံးကာလများဖြစ်သော ၁၉၈၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြသည်။ ယင်းသဘော တူညီချက်အရ တာလတ်ပစ်ဒုံးကျည် (သမားရိုးကျနှင့် နျူကလီးယား) ထုတ်လုပ်မှုများကို ကန့်သတ်ပိတ်ပင်ထားသည်။ 

ယခုလို ဒေါ်နယ်ထရမ့်က ရုရှားသည် နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ ရုရှားနိုင်ငံက အမေရိကသည် တစ်ကိုယ်တော်ဆူပါပါဝါဖြစ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။ 

“ယခုဖြစ်ရပ်တွင် အဓိကစေ့ဆော်မှုမှာ ဆူပါပါဝါတစ်နိုင်ငံတည်းရှိလိုသည့် အိပ်မက်ကြောင့်ဖြစ်သည်။ အဆိုပါအိပ်မက် အမှန်တကယ်ဖြစ်လာပါမည်လော။ လုံးဝမဖြစ်နိုင်ပါ”ဟု ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ RIA က နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ 

“ဒီကိစ္စက အမေရိကန်မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ သူတို့မူဝါဒက တာဝန်ယူမှုတွေ ညီတူမျှတူပေးထားတဲ့ နိုင်ငံတကာ သဘောတူညီချက် မှန်သမျှကနေနုတ်ထွက်ဖို့ပါပဲ”ဟု ၎င်းကဆိုသည်။

F-01